သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကမ္ဘောဒီးယား ပန်းခြံတွေမှာ ဟစ်တိုင်တွေ ထားတော့မည်
နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ပန်းခြံတွေမှာ ဟစ်တိုင်တွေ ထားတော့မည်


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ လူ ၂၀၀ အထိ စုဝေးခွင့်ရှိပြီး လွတ်လပ်စွာ ဟောပြောခွင့်ပေးမဲ့ နေရာတွေကို ဖန်တီးပေးဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံတဝန်းမှာ ပန်းခြံနေရာတွေကို ရွေးချယ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ အရေးပေါ် စီမံချက် အက်ဥပဒေပုဒ်မ ၅(ည) ဟာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမယ်လို့ စစ်အစိုးရက ကြေညာထားတဲ့ ရွေးကောက်ပွဲ အကြိုကာလမှာ တည်ဆဲဥပဒေ တရပ်အဖြစ် ရှိနေတဲ့အပြင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဇွန်လ ၂၁ ရက် ညွှန်ကြားချက် အရလည်း နိုင်ငံရေးပါတီတွေအတွက် လူစုဝေးမှုနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။

အရင်က လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ကန့်သတ်ပိတ်ပင်လေ့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အခုလို ဟောပြောခွင့်တွေ ပေးဖို့ စီစဉ်လာတာနဲ့ ပတ်သက်ပြီး ဒါဟာ ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ရဲ့ နေအိမ်ရှေ့ စုဝေးချီတက် ဆန္ဒပြလေ့ရှိတာကို လျော့ပါးစေဖို့ ဆောင်ရွက်တာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပေမဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့ဟစ်တိုင် ဟောပြောမှုတွေကို ကြုံတွေ့ခဲ့တဲ့ စာပေပညာရှင် ဦးဝင်းဖေကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကောင်းတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ရှိလာတယ်လို့ သုံးသပ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အခုလို ထူးထူးခြားခြား ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က မေးမြန်းတဲ့အခါ ဦးဝင်းဖေက အခုလို စပြောပါတယ်။

“ဒုတိယကမ္ဘာစစ် အပြီးမှာ ကမ္ဘောဒီးယားနိုင်ငံ ဆိုတာက ပဒေသရာဇ်စနစ်က အုပ်ချုပ်တယ်။ မင်းသားကြီး သီဟာနုပေါ့။ သူ့လက်ထက်မှာပဲ လက်ဝဲဝါဒီတွေ၊ ကွန်မြူနစ် နိုင်ငံရေး အဖွဲ့အစည်းတွေကနေပြီးတော့ အာဏာရယူတယ်ဗျ။ အဲဒီမှာမှ တရုတ်သြဇာခံ၊ ရုရှားသြဇာခံ၊ ဗီယက်နမ် သြဇာခံ ဘာညာနဲ့ဆိုပြီး အုပ်စုကွဲတာတွေ ရှိသေးတယ်။ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ ဗီယက်နမ် သြဇာခံ ခေါင်းဆောင် ဟွန်ဆန် လက်ကနေပြီးတော့ အခုတော့ ပြည်ပကမ္ဘာတွေက ဖိအားပေးတာနဲ့အတူ ဒီနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဒီမိုကရေစီ ရေးရာအတွက် ဦးတည်တဲ့ အခြေအနေကို ရောက်လာတယ်။

“ဒီမိုကရေစီ ဆိုတာနဲ့ တပြိုင်တည်း ဘာတွေကပ်ပါလာလဲဆိုတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ရေးသား ထုတ်ဖော်ပိုင်ခွင့် ဆိုတာတွေ ကပ်ပါလာတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အခုလို လူအများ အသုံးပြုတဲ့ ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုနိုင်အောင် အစီအစဉ်တွေ လုပ်ပေးဖို့ ပြင်ဆင်တယ်လို့ ယူဆရပါတယ်။ အခုလို အခွင့်အရေးတွေ ပေးမယ်ဆိုတာ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေးသဘာ၀ အခြေအနေတွေက တိုးတက်လာတယ်လို့ ဆိုရမယ်။”

မြန်မာနိုင်ငံမှာရော ဒါမျိုးတွေ ရှိခဲ့ဖူးပါသလား ဆရာ။

“ရှိတယ်ဗျ၊ မြန်မာနိုင်ငံက ၁၉၄၈ ခု လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာ အဲဒီကတည်းကနေပြီးတော့ ဖဆပလ အစိုးရ တက်တယ်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ဆိုတာတွေ အများကြီးရှိတယ်။ အထူးသဖြင့်ကတော့ ရေးသားပိုင်ခွင့်၊ ဟောပြောပိုင်ခွင့် အများကြီးရှိတယ်။ နိုင်ငံရေးသမားတွေက ဒီလိုပဲ လွတ်လွတ်လပ်လပ် ဟောကြ၊ ပြောကြတယ်။ စာပေတွေကလည်း အများကြီး လွတ်လွတ်လပ်လပ် ရေးသားကြတယ်။ အစိုးရကိုလည်း ဝေဖန်ကြတယ်။

“အဲဒီလိုကြားထဲက နေပြီးတော့မှ ၁၉၅၀ ခုနှစ်များ အလယ်ပိုင်းလောက်မှာ ဝန်ကြီးချုပ် ဦးနုကပဲ လန်ဒန်မှာရှိတဲ့ ဟိုက်ပါ့ခ်က ပြည်သူတွေရဲ့ ဟစ်တိုင်၊ အဲဒါကို အတုယူပြီး ရန်ကုန်မြို့က မဟာဗန္ဓုလ ပန်းခြံထဲမှာ အဲဒီလို ပြည်သူ့ဟစ်တိုင် စင်တခု လုပ်တယ်။ ပြီးတော့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပေးတယ်။ သို့သော်လည်း ဒီမိုကရေစီရဲ့ ထုံးစံအတိုင်းပါပဲ၊ ကိုယ်ပြောတဲ့အထဲမှာ အများကို ထိခိုက်တာတို့၊ နစ်နာတာတို့၊ စော်ကားတာတို့ ဒီလိုအချက်တွေ မပါရဘူးလို့ သူက ဆိုတယ်။ စည်းကမ်း ကန့်သတ်တယ်။

“ပြီးတော့ သူ့မှာ အနည်းဆုံး ပရိသတ်က ၂ ယောက်တော့ ရှိရမယ်တဲ့။ ၂ ယောက်သာရှိမယ်၊ သူလည်း စည်းကမ်းနဲ့အညီ ထုတ်ဖော်ပြီးတော့ ပြောမယ်ဆိုရင် ရဲအစောင့်တောင်မှ ပေးပါတယ်။ သူ့ကို မနှောင့်ယှက်နိုင်အောင်ပေါ့။ သူကလည်း မစော်ကားနိုင်အောင်လို့ ရဲက စောင့်တာ။ သူ ဥပဒေ ချိုးဖောက်ရင် ရဲက သူ့ကို အရေးယူမှာပဲ။ နောက် နားထောင်နေတဲ့ ပရိသတ်က သူ့ကို အနှောင့်အယှက် ပေးရင်လည်း ရဲက အရေးယူမှာပဲ။ အဲဒီလိုကို တခမ်းတနားပေါ့ ဗမာတွေအတွက် လွတ်လပ်စွာ ပြောဆိုခွင့် စပြီးတော့ ပေးခဲ့ပါတယ်။”

အဲဒီလိုမျိုး မြန်မာနိုင်ငံမှာ ပြောတဲ့အချိန်တုန်းက ဥပမာ ဘယ်သူတွေများ ပြောခဲ့ပါသလဲ၊ နာမည်ကြီးတာလေးပေါ့။

“ပြောတာတော့ အများကြီးပဲဗျ။ ဒါပေမဲ့ ဒီစင်ကို ပထမဆုံး စသုံးတာက မိတ္ထီလာက ကျောင်းသားခေါင်းဆောင်ပဲဗျ၊ အလံနီ ကျောင်းသားခေါင်းဆောင် တယောက်ပါ၊ ကိုကျော်စိုးတဲ့။ သူ ပထမဆုံး စ တက်ပြောတော့တာပဲ။ ဒါတော့ ကျနော် မှတ်မိတယ်။ ဒီကြားထဲမှာလည်း နိုင်ငံရေးသမားတွေရော၊ ပညာရှင်တွေရော ပြောကြတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ကျနော်က မန္တလေးပဲ အနေများပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကြီးနဲ့ ပတ်သက်လို့တော့ ဗမာပြည် တပြည်လုံး အုတ်အော်သောင်းနင်း၊ ကျော်ကျော်ကြားကြားပါပဲ၊ အဲဒီလို ဖြစ်ပျက်ခဲ့တာပါ။”

ပန်းခြံတွေထဲမှာ အခုလိုမျိုး ပြောတာတွေ ဘယ်အချိန်လောက်မှာ စပြီးတော့ မတွေ့ရတဲ့ အခြေအနေမျိုး ရောက်သွားပါလဲ။

“ကျနော်မှတ်မိသလောက်ကတော့ တည်မြဲ၊ သန့်ရှင်း ကွဲကြတဲ့ အချိန်လောက်မှာကို မရှိတော့ဘူးလို့ အဲဒီလိုပဲ မှတ်မိတယ်။ အထူးသဖြင့်ကတော့ စစ်တပ် အာဏာသိမ်းတဲ့ အချိန်မှာ ၁၉၆၂ ခု၊ ဒါကတော့ သေချာတယ်၊ ရေးသားခွင့်လည်း မပေးတော့ဘူး၊ ပြောဆိုခွင့်လည်း မပေးတော့ဘူး၊ အဲဒါကတော့ သိသိသာသာ ထင်ရှားပါတယ်။”

ကမ္ဘောဒီးယားနိုင်ငံမှာ အခုလိုမျိုး ဒီမိုကရေစီရေးအတွက် ခြေလှမ်းတွေ ပြင်လာတယ်ဆိုတော့ မြန်မာနိုင်ငံမှာရော ဒါမျိုးတွေ ဖြစ်လာနိုင်မယ်လို့ ဆရာ မျှော်လင့်ထားပါသလား။

“ဒီမိုကရေစီ ထွန်းကားမယ်ဆိုရင် ဒါတွေက သဘာဝပဲ။ ပါကို ပါရတယ်။ မပါလို့ကို မရဘူး။ အဲဒီလို လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ တရားဝင် အကာအကွယ် ပေးရမယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေမှာ ပါတာပါပဲ။”

ဆရာဦးဝင်းဖေ ရှင်းပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG