သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ သေနတ် သမား နောက်ကြောင်း စုံစမ်း


ကနေဒါနိုင်ငံ လွှတ်တော်အနီးတဝိုက်က လုံခြုံရေးတွေနဲ့ အပြန်အလှန်
ပစ်ခတ်မှု အတွင်း သေဆုံးသွားတဲ့ သေနတ်သမား Michael Zehaf-Bibeau ရဲ့
နောက်ကြောင်းကို လုံခြုံရေးအရာရှိတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
သေနတ်သမားဟာ မကြာခင်ကမှ အစ္စလာမ်ဘာသာကို
ကူးပြောင်းခဲ့သူဖြစ်ပြီး၊ Quebec ပြည်နယ်ကဖြစ်ကြောင်း
အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း လုံခြုံရေးအစောင့်စစ်သည် ၁ ဦးနဲ့ သေနတ်သမား ၁ ဦး သေဆုံးသွားပါတယ်။ ကနေဒါမြို့တော် Ottawa မှာရှိတဲ့ စစ်သမိုင်းပြတိုက်နဲ့ လွှတ်တော်အဆောက်အဦးအတွင်း အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ကနေဒါ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသေး တဲ့ သေနတ်သမား ၁ ယောက် ဒါမှမဟုတ် ၂ ယောက်ကို လိုက်လံရှာဖွေနေဆဲလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ကနေဒါအမျိုးသား စစ်သမိုင်းပြတိုက်မှာ သေနတ်ပစ်မှု စတင်ဖြစ်ပွားခဲ့တာပါ။ စစ်ပွဲအတွင်း ကျဆုံးခဲ့သူတွေအတွက် အမှတ်တရ စိုက်ထူထားတဲ့ ဂူဗိမာန်ကို စောင့်နေတဲ့ လုံခြုံရေး စစ်သည်ကို ဆံပင်ရှည် သေနတ်သမားတဦးက စတင်ပစ်ခတ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုအတွင်း သေနတ်ပစ်ခတ်သံ ၄ ချက်လောက် ကြားရတယ်ဆိုပြီး မျက်မြင်သက်သေတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ သိတ်မဝေးလှတဲ့ နေရာမှာရှိတဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့တခုဖြစ်တဲ့ Catholic Immigration Center မှာ လုပ်ကိုင်နေတဲ့ မဆယ်လီ က ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး အခုလို ရှင်းပြပါတယ်။

“War Memorial ရဲ့ တဝိုက်မှာ အဲ့ဒီမှာ Guard တယောက်ကို သူ သေနတ်နဲ့ပစ်တော့ ဒဏ်ရာရသွားတယ်။ အခုကြားရတာတော့ ဆုံးသွားပြီ။ အဲ့ဒီသတ်ခံရတဲ့သူက။”

စစ်သမိုင်းပြတိုက်မှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ နောက်ပိုင်းမှာ လမ်းပေါ်က ကားတစီးကို ရပ်ခိုင်းပြီး ကားပိုင်ရှင်ဆီကနေ ကားကိုလုယူပြီးတဲ့နောက် ၁ မိုင်ကျော်အကွာမှာရှိတဲ့ ကနေဒါ လွှတ်တော်ဘက်ကို မောင်းနှင်သွားခဲ့ပါ တယ်။ သေနတ်သမားဟာ ကနေဒါလွှတ်တော် ပင်မ အဆောက်အဦးအတွင်းကို ဝင်ခဲ့တဲ့အချိန်မှာ လွှတ်တော်လုံခြုံရေး အစောင့်တဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် အဲဒီသေနတ်သမား သေဆုံးသွားပါတယ်။

ဒီပစ်ခတ်မှုနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အစည်းအဝေးခန်း တခုအတွင်းမှာတော့ ကနေဒါ ဝန်ကြီးချုပ် Stephen Harper ဟာ လွှတ်တော်တွင်း သဘောထားကောက်ခံတဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေခဲ့တာပါ။ အခုအခါမှာ လွတ်မြောက်နေသေးတဲ့ သေနတ်သမား ၁ ဦးထက်မကကို လိုက်လံ ရှာဖွေနေတဲ့အကြောင်း မဆယ်လီ က အခုလို ဆက်ပြောပါတယ်။

“လူ ၂ ယောက် လွတ်နေတော့ ဘယ်လိုပြောရမလဲ လိုက်ရှာနေရတာပေါ့နော်။ ဘယ်မှာသွားနေသလဲ၊ ဘယ်မှာပုန်းနေသလဲဆိုတာ။ အဲဒါကြောင့် အနီးနားရှိတဲ့ ကျောင်းစစ်ဆေးရေး၊ အဆောက်အဦး စစ်ဆေးရေး၊ အဲ့လိုမျိုး စစ်ဆေးရေး သူတို့အားလုံး ပိတ်ရတယ်လေ။ ပြီးတော့ သူတို့ de tour လုပ်ရတယ်။ ဘာဖြစ်လဲဆိုတော့ ကားလမ်းတွေ အကုန်လုံး ပိတ်လိုက်တယ်။”

ဒီလိုပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး ဘယ်အကြမ်းဖက် အဖွဲ့အစည်းကမှ သူတို့လုပ်ခဲ့တယ်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ကနေဒါနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်က ကာကွယ်ဖို့ လုံခြုံရေးအဆင့် တိုးမြှင့်ပြီး နောက်တရက်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာ ကူးပြောင်းထားသူတဦးက ကနေဒါစစ်သား ၂ ဦးကို ကားနဲ့ တိုက်ခဲ့တာကြောင့် စစ်သား ၁ ဦး သေဆုံးသွားပါတယ်။

ကနေဒါနိုင်ငံမှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားအပြီး အမေရိကန်ပြည်ထောင်စုမှာလည်း လုံခြုံရေးအဆင့် တိုးမြှင့်ထားပါတယ်။ ကနေဒါနိုင်ငံက အခုတိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရာမှာ အမေရိကန်အနေနဲ့ ကူညီမယ့်အကြောင်း ကနေဒါအစိုးရကို သမ္မတ အိုဘားမားက ကမ်းလှမ်းထားပါတယ်။

XS
SM
MD
LG