သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kyrgyzstan အဓိကလေဆိပ်အနီး တူရကီကုန်တင်လေယာဉ် ပျက်ကျ


Kyrgyzstan နိုင်ငံရဲ့ အဓိက လေဆိပ်အနီးမှာ ဒီကနေ့ အစောပိုင်းက တူရကီ ကုန်တင်လေယာဉ်တစီး ပျက်ကျတာကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၃၇ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ လေယာဉ်မှူးရဲ့အမှားကြောင့် ဖြစ်ရတာလို့ Kyrgyzstan ဒု ဝန်ကြီးချုပ် Muhammetkaly Abulgaziyev က အစိုးရရုပ်သံမှာ ထုတ်လွှင့်သွားတဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။

ဘိုးရင်း အမှတ် (၇၄၇) လေယာဉ်ဟာ မြို့တော် Bishkek ကနေ မြောက်ဘက် ၂၅ ကီလိုမီတာလောက်မှာရှိတဲ့ Manas လေဆိပ်အနီး Dacha-Suu ကျေးရွာက လူနေအိမ်တွေပေါ်ကို ပျက်ကျခဲ့တာပါ။ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေဆိပ်နဲ့ကပ်နေတဲ့ လူနေရပ်ကွက်ထဲက လူတွေရော၊ လေယာဉ်ပေါ် လိုက်ပါသွားသူတွေပါ သေဆုံးခဲ့တာပါ။

လူနေအိမ်ခြေ ၁၅ လုံးလောက် ပျက်စီးသွားခဲ့တဲ့ လေယာဉ်ပျက်ကျတဲ့နေရာမှာ ကယ်ဆယ်ရေးဝန်ထမ်း တထောင်ကျော်က ဒီကနေ့ မနက်ပိုင်းမှာပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အကြောင်းလည်း ဒုဝန်ကြီးချုပ် Abulgaziyev က ပြောပါတယ်။ လေယာဉ် ထိပ်ဖျားပိုင်းက တိုက်အိမ်တလုံးထဲ ဝင်သွားပြီး အနီးအနားမှာ အပျက်အစီး အပိုင်းအစတွေ ပြည့်နေတာကို တွေ့ရပါတယ်။

လေယာဉ်ဟာ ဟောင်ကောင်ကနေ တူရကီနိုင်ငံ အီစတန်ဘူလ် မြို့ကိုအသွား Manas လေဆိပ်မှာ ခဏရပ်နားဖို့ လုပ်နေချိန် ပျက်ကျခဲ့တာလို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။ လောလောဆယ် Manas လေဆိပ်ကို ပိတ်ထားပြီး လေယာဉ်ခရီးအားလုံးကိုလည်း အစောဆုံး ညနေပိုင်းအထိ နောက်ဆုံးထား ဖျက်ထားတဲ့အကြောင်း လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

Kyrgyzstan အဓိကလေဆိပ်အနီး တူရကီကုန်တင်လေယာဉ် ပျက်ကျ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG