သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၂ ဦးပါ ရုရှားစစ်လေယာဉ် ပျက်ကျ


လေယာဉ်ပေါ်ပါသွားတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းအထိမ်းအမှတ်
လေယာဉ်ပေါ်ပါသွားတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းအထိမ်းအမှတ်

လေယာဉ်အမှုထမ်းတွေ အပါအဝင် လူ ၉၂ ဦး လိုက်ပါသွားတဲ့ ရုရှား စစ်တပ် လေယာဉ် တစင်း အပန်းဖြေမြို့ ဆိုချီကနေ ပျံသန်းပြီး မကြာခင်မှာဘဲ ပင်လယ်နက်ထဲကို ပျက်ကျသွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထင်ရှားတဲ့ စစ်တပ်ရဲ့ တီးဝိုင်းအဖွဲ့လည်း ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတာပါ။

ရုရှား ကမ်းလွန် ပင်လယ်ပြင်ကနေ လေယာဉ် အပျက်အစီးတွေနဲ့ သေဆုံးသူ တချို့ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ရဲ့ အဓိက အပိုင်းကိုတော့ ပင်လယ်ကမ်းလွန် ၁ ဒသမ ၅ ကီလိုမီတာ အကွာ၊ ရေအောက် မီတာ ၇၀ အနက်မှာ ရှိနေပါတယ်။

လေယာဉ်အပိုင်းအစများကို သယ်လာစဉ်
လေယာဉ်အပိုင်းအစများကို သယ်လာစဉ်

Tu – 154 လေယာဉ်ဟာ ပင်လယ်နက် အပန်းဖြေ စခန်း Sochi မြို့ကနေ ပံျသန်းပြီး မိနစ် ၂၀ လောက် အကြာ မနက် ၅ နာရီ မိနစ် ၄၀ မှာ ရေဒါကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်က ဆီးရီးယားနိုင်ငံက လေတပ် အခြေစိုက် စခန်းကို ဦးတည် ပျံသန်းလာတာ ဖြစ်ပါတယ်။ ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Tu – 154 လေယာဉ်
Tu – 154 လေယာဉ်

လေယာဉ်မှူး အခန်းကနေ ဘေးဒုက္ခနဲ့ ပတ်သက်တဲ့ အချက်ပြမှုလည်း မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး အသက်ရှင် လွတ်မြောက်သူ မရှိနိုင်ဘူးလို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ ဆိုဗီယက် ပုံစံ အင်ဂျင် သုံးလုံးတပ် လေယာဉ်ဟာ ရုရှား စစ်အခြေစိုက် စခန်းကနေ ဆီးရီးယား နိုင်ငံ ကမ်းခြေမြို့ Latakia ကို ပုံမှန် ပျံသန်းနေတာ ဖြစ်တယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ရုရှား စစ်တပ် တာဝန်ရှိသူတွေ၊ နောက် စစ်တပ်ရဲ့ ဂီတ အဖွဲ့ Alexandrov Ensemble တပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဆီရီးယား နိုင်ငံက စစ်အခြေစိုက် စခန်းမှာ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲဖို့ အတွက် သွားရောက်တာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ခရီးသည် ၈၄ ယောက်ထဲမှာ သတင်းမီဒီယာ သမား ၉ ယောက် ပါဝင်ပြီး လေယာဉ် အမှုထမ်း ၈ ယောက်လည်း လိုက်ပါသွားပါတယ်။ရုရှား လေယာဉ်ပျက်ကျပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်ဆိုတာကို ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် သိရှိထားတယ်လို့လည်း ရုရှား သမ္မတ နန်းတော် ပြောခွင့်ရ Dmitry Peskov က ရုရှား သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။

၉၂ ဦးပါ ရုရှားစစ်လေယာဉ် ပျက်ကျ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG