သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားခြိမ်းခြောက်နေပေမဲ့ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းက ကုန်တင်သင်္ဘောစထွက်ပြီ


UKRAINE-CRISIS/SHIP-DEPARTURE
UKRAINE-CRISIS/SHIP-DEPARTURE

ရုရှားရေတပ်ကခြိမ်းခြောက်ထားပေမဲ့ အရပ်ဘက် ကုန်တင်သင်္ဘောတစီးဟာ ယူကရိန်းတောင်ပိုင်း အိုဒက်ဆာဆိပ်ကမ်းကနေ ဗုဒ္ဓဟူးနေ့က ထွက်ခွါသွားတယ်လို့ ယူကရိန်းက ပြောပါတယ်။ တောင်ပိုင်းစစ်မြေပြင်မှာ ရုရှားတပ်တွေလက်အောက်ကနေ ကျေးရွာတရွာကို လွတ်မြောက်အောင်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကပြောအပြီး နာရီအတော်ကြာမှာ အခု သတင်းထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။

ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်ပေးတဲ့ အဓိကသဘောတူညီချက်ကို ဖျက်ပြီးတဲ့နောက် ယူကရိန်းဆိပ်ကမ်းတွေကနေ သီးနှံတင်ပို့တာကို တိုက်ခိုက်မယ်လို့ ရုရှား က သတိပေးထားခဲ့ပါတယ်။ ဟောင်ကောင်အလံတင်ထားတဲ့ ဂျိုးဇက် ရှော့တ်လ် Joseph Schulte အမည်ရှိ ကုန်တင်သင်္ဘောဟာ ဗုဒ္ဓဟူးနေ့မနက်က အိုဒက်ဆာ ဆိပ်ကမ်းက ထွက်ခွါသွားခဲ့တယ်လို့ ယူကရိန်း အခြေခံအဆောက်အအုံပိုင်းဆိုင်ရာဝန်ကြီး Oleksandr Kubrakov က ပြောပါတယ်။ ဒီ ဆိပ်ကမ်းဟာ ကြိုးစားခဲ့ပေမဲ့ ပျက်သွားခဲ့တဲ့သဘောတူညီချက်ထဲမှာ ဖော်ပြထားတဲ့ ဆိပ်ကမ်း ၃ ခုထဲက တခုဖြစ်ပါတယ်။

ပင်လယ်နက်ထဲမှာ အရပ်ဘက်သင်္ဘောတွေသွားဖို့ ယာယီဖွင့်ပေးထားတဲ့ လမ်းကြောင်းတလျှောက် ဒီ သင်္ဘောက ခုတ်မောင်းသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီ ဖြစ်ပေါ်တိုးတက်မှုကို ယူကရိန်းသမ္မတ Volodymyr Zelensky က ကြိုဆိုလိုက်ပါတယ်။ “ပင်လယ်နက်အတွင်းမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပြန်လည်ရရှိဖို့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းကို ယူကရိန်းက လှမ်းလိုက်ပါပြီ” လို့ လူမှု စာမျက်နှာမှာ မစ္စတာ Zelensky က ရေးပါတယ်။

ရေကြောင်းလိုင်းကိုပြနေတဲ့ အင်တာနက်စာမျက်နှာအရ ဂရင်းနစ်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ မိနစ် ၂၀ မှာ ကုန်တင်သင်္ဘော Joseph Schulte ဟာ တူရကီနိုင်ငံကို ဦးတည်သွားနေတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG