သုံးရလွယ်ကူစေသည့် Link များ

မြန်မာအမျိုးသမီး အခွင့်အရေး ကုလကော်မတီမှာ ဆွေးနွေး


CEDAW ကော်မတီမှာ မြန်မာ အစိုးရက တင်သွင်းတဲ့ အစီရင်ခံစာကို ကြားနာ။ (ဓာတ်ပုံ-ဦးအောင်မျိုးမင်း)

အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက် ချက်တွေ ကို ဒီကနေ့ ဂျီနီဗာ ကုလသမဂ္ဂဌာနမှာ ကြားနာပါတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ မြန်မာအစိုးရနဲ့ လွှတ်တော်တွင်း အမျိုးသမီးတွေ ကိုယ်စားပြု ပါဝင်ခွင့် သိသိသာသာ တိုးလာပါတယ်လို့ ပြောဆိုသွားပါတယ်။ ကုလ ကော်မတီဘက်ကတော့ အခြေခံ ဥပဒေမှာ ကျားမခွဲခြား ထားတဲ့ ပြဌာန်း ချက်၊ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအပြင် ပြစ်မှု ကျူးလွန် သူတွေ ပြစ်ဒဏ်ပေးခြင်း မခံရတဲ့ အခြေအနေတွေ အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ကုလသမဂ္ဂ ဌာနချုပ်မှာ လက်ရှိ ပြုလုပ်နေတဲ့ ၆၄ ကြိမ်မြောက် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက် ဆိုင်ရာ CEDAW ကော်မတီမှာ မြန်မာ အစိုးရက တင်သွင်းတဲ့ အစီရင်ခံစာကို ကြားနာပါတယ်။

ကြားနာနေစဉ်
ကြားနာနေစဉ်

မြန်မာ အစိုးရဘက်ကတော့ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု မရှိစေရေး လုပ်ဆောင်နေတာတွေကို အလေးထား ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရ၊ လွှတ်တော်တို့တွင်းမှာ အမျိုးသမီးတွေ ပါဝင်မှု သိသိသာသာ တိုးတက်လာတယ် လို့လည်း မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ဖြေကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့ လွှတ်တော်မှာ အမျိုးသမီး ကိုယ်စားလှယ် ၄ ဒသမ ၆ ရာခိုင်နှုန်းဘဲ ရှိခဲ့ရာကနေ အခုဆိုရင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာပြီး ဒါဟာဆိုရင် ၃ ဆ တက်လာတာ ဖြစ်တယ် " လို့ ဒေါ်နော်လှလှစိုးက CEDAW ကော်မတီ ရဲ့ မေးခွန်း ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်မှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်ရေး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လိုလားချက်ကို လွှတ်တော်အမတ်တွေကြားမှာလည်း နားလည်း သိရှိထားပြီ ဖြစ်ပြီး ၂၀၂၀ အရောက်မှာ လွှတ်တော်တွင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ ဆိုတာ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး လို့ လည်း ဒေါ်နော်လှလှစိုး က ဖြေကြားသွားပါတယ်။

တက်ရောက်လာတဲ့အမျိုးသမီးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် ဒေါ်ဆူဆန်နာ
တက်ရောက်လာတဲ့အမျိုးသမီးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် ဒေါ်ဆူဆန်နာ

CEDAW ကော်မတီဘက်ကတော့ အခြေခံ ဥပဒေမှာ အမျိုးသား အမျိုးသမီး ခွဲခြားခြင်း မပြုဖို့ ပြဌာန်းထားပေမယ့် အမျိုးသားများနှင့်သာ လျော်ကန် သင့်မြတ်တဲ့ ရာထူးနေရာတွေမှာ အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကိုတော့ ဥပဒေက အဟန့်အတား မဖြစ်စေရလို့ ထည့်သွင်းထားတဲ့ အချက်ကို ထောက်ပြ ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ စစ်တပ်အတွင်း အမျိုးသမီးတွေ ပါဝင်ဖို့ အချိန်မတန်သေးဘူးလို့ ဖြေကြားခဲ့တဲ့ အကြောင်း အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်နေသူ အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ အခြေအနေက အခုအချိန်ထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေကြတုန်း ဒါကြောင့်မို့ အမျိုးသမီးတွေ စစ်တပ်မှာ ပါဝင်ဖို့ မဖြစ်နိုင်သေးဘူး။ ဥပဒေ အရရော အခြေအနေ အရရော မဖြစ်နိုင်သေးဘူး ဆိုပြီး ပြောကြားသွားချက် အဲဒါလေး တင်ပြသွားတာ တွေ့ရတယ်။ နောက်ထပ် တခု လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ ခံရတဲ့ သူတွေကို ကူညီမှုတွေ လုပ်ဆောင်ပေး တဲ့ နေရာမှာ အခုချိန်ထိဘဲ သိုးမွှေး၊ အပ်ချုပ်နော် ထမင်းဟင်းချက်၊ မုန့်ဖုတ်ဆိုတဲ့ အရာမျိုးဘဲ သင်နေတယ်။ အဲဒါ ကိုယ်တိုင်ကလည်း အမျိုးသမီးတွေ အတွက် အိမ်တွင်းမှုဆိုတဲ့ ကိစ္စမျိုးဘဲ လုပ်ဆောင်နေတဲ့ အချက်တွေ ကျနော်တို့ တွေ့ရတယ်။ CEDAW ကော်မတီကလည်း အဲဒါကို ပြန်လည်ထောက်ပြ ပါတယ်။"

အမျိုးသမီးတွေ အပေါ် ပြစ်မှုကျူးလွန်ကြသူတွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ လွတ်ကင်းနေတဲ့ အခြေအနေတွေ အပေါ် အရေးယူ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာကိုယ်စားလှယ် အဖွဲ့က ရဲမှူးကြီး မင်းကျော်သူက အခုလို ဖြေကြားသွားပါတယ်။

"ဒီလို ကျူးလွန်သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရေးယူ တိုင်ကြားနိုင်တယ်၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ ပြောဆိုပြီး ဘယ်သူမှ တရားဥပဒေ အထက်မှာမရှိဘူး" လို့လည်း ပြောဆိုသွားတာပါ။

ဒီအပေါ်မှာတော့ မြန်မာ အစိုးရနဲ့ စင်ပြိုင် အစီရင်ခံစာ တင်သွင်းခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက သဘောမတူပါဘူး။ ပြစ်မှုကျူးလွန်သူတွေ လွတ်ငြိမ်းခွင့်ရနေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်မေစပါယ်ဖြူက ထောက်ပြပါတယ်။

"တိုင်ကြားပေမယ့်လည်း ထိရောက်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေ မရှိဘူး။ စုံစမ်းစစ်ဆေး အရေးယူ ပေးတယ်ဆိုရင်လည်း ဘယ်လို စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ပါတယ်ဆိုတာကို ပွင့်လင်းမြင်သာမှု ရှိစွာ ဒီပြစ်မှု ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေကို အသိမပေးဘူးဆိုတဲ့ ကိစ္စရပ်တွေကိုဘဲ ကျမတို့ကတော့ ဖော်ထုတ် သိရှိခဲ့ရပါတယ်။"

အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုဆိုင်ရာ သဘောတူညီချက် CEDAW ကော်မတီ ညီလာခံတွေမှာ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေက ခွဲခြားဆက်ဆံမှု မရှိဘူးဆိုတာကိုဘဲ ဆက်တိုက် ငြင်းဆိုလာခဲ့ကြပေမယ့် အခု အစိုးရသစ် လက်ထက် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ ခွဲခြားဆက်ဆံမှု မရှိစေရေး ဆောင်ရွက်ချက်တွေကို အလေးထား ဆောင်ရွက်နေတာတွေကို အလေးပေး ပြောဆိုခဲ့တာကြောင့် မြန်မာ အစိုးရဟာ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကို အသိအမှတ်ပြုထားတာကို တွေ့ရတယ်လို့လည်း ညီလာခံ တက်ရောက်သူတွေက ပြောပါတယ်။

ဒါ့အပြင် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူုးပေါင်းဆောင်ရွက်မယ်၊ အမျိုးသမီးတွေ အတွက် ရည်ရွယ်ပြီး ဥပဒေ တချို့ကို ပြင်ဆင်မယ်လို့ ပြောဆိုခဲ့တာတွေက တိုးတက်မှုတွေ ဖြစ်တယ်လို့လည်း ထောက်ပြကြပေမယ့် လက်တွေ့ ဆောင်ရွက် ချက်တွေတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

XS
SM
MD
LG