သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဒီနယ်ချားလ်စ်ဘို ကချင်ဒုက္ခသည်တွေကို တွေ့ဆုံအားပေး


ကာဒီနယ်ချားလ်စ်ဘို ကချင်ဒုက္ခသည်တွေကို တွေ့ဆုံအားပေး (Patrick Latt Sharr Ni)
ကာဒီနယ်ချားလ်စ်ဘို ကချင်ဒုက္ခသည်တွေကို တွေ့ဆုံအားပေး (Patrick Latt Sharr Ni)

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မြန်မာပြည်ခရီးစဉ် ပြီးဆုံးပြီး မကြာခင်မှာပဲ မြန်မာပြည်ရဲ့ ကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ်ချားလ်စ်ဘိုဟာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသကို သွားရောက်ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကာဒီနယ်လ်ချားလ်စ်ဘိုဟာ သူ့ရဲ့ မြစ်ကြီးနားခရီးစဉ်အတွင်း မြောက်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ တွေ့ဆုံပြီး စစ်ဘေးဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ရေး ဦးစားပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ သတင်းအပြည့် အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ သတင်းစကားနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာပြည်ကို လာရောက်ခဲ့ပြီး မကြာခင်မှာဘဲ ကက်သလစ်ဘာသာဝင်တွေများတဲ့ ကချင်ပြည်နယ်ကို မြန်မာပြည်နိုင်ငံ ကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ်ချားလ်စ်ဘို သွားရောက်နေပါတယ်။ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့ထဲက တပတ်ကြာခရီးနဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။

ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်လ်ချားလ်စ်ဘို ဟာ သူ့ရဲ့ ကချင်ပြည်နယ် မြစ်ကြီးနား ခရီး စဉ်အတွင်း မြစ်ကြီးနားမြို့တဝိုက်က စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး စစ်ဘေးရှောင် ဒုက္ခ သည်တွေနဲ့ သွားရောက်တွေ့ဆုံပြီး အခုတပတ် တနင်္ဂနွေနေ့မှာတော့ မြစ်ကြီးနားမြို့ စိန့်ကိုလန်ဘန် ဘုရားကျောင်းမှာ မစ္ဆားတရား ဟောကြားမှာဖြစ်ပါတယ်။ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်လ်ချားလ်စ်ဘိုရဲ့ မြစ်ကြီးနားခရီးစဉ်နဲ့ ပတ်သက်ပြီး မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာရဲ့ လူထုဆက်သွယ်ရေး တာဝန်ခံ ကိုဂျွန်စိုင်းလတ်အောင်က အခုလိုပြောပြပါတယ်။

"သူရောက်ပြီးတဲ့နောက်မှာ မြောက်ပိုင်းတိုင်း တိုင်းမှူးလာတွေ့သွားတယ်။ ပြီးတော့ မြစ်ကြီးနားမြို့တဝိုက်မှာရှိတဲ့ စစ်ရှောင်ဒေသတွေကို သူက လိုက်လံပြီးမှ ခွန်အားပေးတာတွေရှိတယ်။ ပြီးတော့ တနေ့ကဆိုရင် မြစ်ဆုံကြောင့်ပြောင်းရွေ့ခံရတဲ့ ဘာသာတူတွေနဲ့ သွားပြီးတော့ တွေ့ဆုံတာတွေရှိတယ်။ နောက်ဆုံးအနေနဲ့ အခုလာမယ့် တနင်္ဂနွေနေ့မှာတော့ စိန့်ကိုလန်ဘန် ဘုရားကျောင်းမှာ သူ့လူထု မစ္ဆားကို ပြုလုပ်သွားမှာပေါ့။"

ကာဒီနယ်လ်ချားလ်စ်ဘိုဟာ ဒီဇင်ဘာ ၁၃ရက်နေ့က ကက်သလစ် ဘာသာဝင် ၂၀၀၀ နီးပါး နေထိုင်တဲ့ မိုင်းနားကျေးရွာ၊ စိန်ဂျိုးဇက် ကက်သလစ် စစ်ရှောင်စခန်းကို သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ကိုယ်စား စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ခွန်းအားပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကတော့ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရရှိရေးနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

"သူတို့တွေ့ဆုံမှုအပြီးမှာ ဒီမြစ်ကြီးနားဆရာတော်ရဲ့ သတင်းစာရှင်းလင်းမှုအရပြောမယ်ဆိုရင်တော့ အဓိကအနေနဲ့တော့ ကချင်ပြည်တွင်းစစ် နောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောသွားတာရှိတယ် နောက်တချက်အနေနဲ့ကတော့ တချို့စစ်ရှောင်တွေဆိုရင် သူတို့ဒေသ သူတို့ ကျေးရွာတွေမှာ တိုက်ပွဲမဖြစ်တဲ့နေရာတွေရှိတယ်။ ဒါပေမယ့် သူတို့က ပြန်ခွင့်မရှိသေးတဲ့အခြေအနေမှာ ပြန်ခွင့်ပေးဖို့ပေါ့ သူ့ဘက်ကနေ တိုက်တွန်းသွားတာရှိတယ်။ ပြီးတော့ တိုင်းမှူးဘက်ကတော့ အခုသူတို့ လုပ်နေတဲ့ NCA လမ်းကြောင်း နဲ့ ပတ်သက်ပြီးမှ အနည်းအကျင်းပေါ့လေ ပြောသွားကြတယ်။"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာပြည်ကို လာရောက်ပြီးမကြာခင်မှာ ပုပ်ရဟန်း မင်းကြီး ကိုယ်စား ကာဒီနယ်လ်ချားလ်စ်ဘို ကိုယ်တိုင် ကချင်ပြည်ကို လာရောက်တဲ့အပေါ် ဝမ်းသာပီတိဖြစ်တယ်လို့ ကိုဂျွန်စိုင်းလတ်အောင်က ပြောပါတယ်။

"မမျော်လင့်ပဲနဲ့ သူရောက်ရှိလာတဲ့အတွက်ကြောင့်မို့လို့ ဘယ်သူခေါ်ခေါ်လို့ပဲဖြစ်ဖြစ် သူရောက်လာတဲ့အတွက် သာသနာကနေပြီးတော့ ကျနော်တို့အားလုံး ဝမ်းသာပီတိဖြစ်မိတယ်။ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ရောက်မလာနိုင်တဲ့အတွက်ကြောင့်မို့လို့ ကာဒီနယ်ချားလ်စ်ဘို ကို လွတ်လိုက်ခြင်းလည်းဖြစ်တယ်လို့ ကျနော်တို့ အဲလိုခံယူပါတယ်။ ဒီစစ်ရှောင်တွေမှာ ကာဒီနယ်ချားလ်စ်ဘို မိန့်ကြားခဲ့တဲ့ တရားတွေကို ပြောခဲ့တဲ့ စကားတွေကို ပြန်ကောက်ယူမယ်ဆိုရင်လည်း ပုပ်ရဟန်းမင်းကြီးအဓိက မှာကြားသွားခဲ့တဲ့ အကြောင်းတွေကိုပဲ ပြောဖြစ်တာများတယ်။ ပုပ်ရဟန်းမင်းကြီး ညွန်ကြားချက်လည်း ပါမယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းမှာ မြန်မာပြည်ကို ၃ရက်ကြာ လာရောက်ခဲ့စဉ်ကလည်း ပဋိပက္ခဒေသတွေမှာနေထိုင်နေကြတဲ့ ကက်သလစ်ဘာသာဝင်တွေကို သည်းခံ ခွင့်လွှတ်ကြဖို့ ပြောကြားခဲ့သလိုမြန်မာပြည်အနာဂတ်အတွက် ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့ အဓိက တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG