သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးကြိုးပမ်းချက် မြန်မာနိုင်ငံမှာအားနည်းနေဆဲ


ကလေးစစ်သားများ
ကလေးစစ်သားများ

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့တဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Ms. Virginia Gamba က မြန်မာနိုင်ငံတွင်းဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးသူငယ်တွေကို ထိရောက်စွာ အကာကွယ်ပေးဖို့ သူ့ခရီးစဉ်အပြီးမှာ တိုက်တွန်းလိုက်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေဆီ ကုလသမဂ္ဂကို သွားရောက်ခွင့်ပေးဖို့လည်း သူကပန်ကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည် ၇ သိန်းလောက်ထွက်ပြေးရတဲ့ ကိစ္စဟာ စိုးရိမ်စရာကောင်းကြောင်းနဲ့ ပိုပြီး စိုးရိမ်ရတာက ဒီဒေသတွေမှာ ကုလသမဂ္ဂက သေသေချာချာ စောင့်မကြည့်နိုင်တာ ဖြစ်ကြောင်း အင်္ဂါနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ အာဏာပိုင်တွေနဲ့ သူဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်စွာ ဆွေးနွေးခွင့်ရခဲ့ပေမယ့် ခလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးကို ဆောင်ရွက်ပေးဖို့ ပေးထားတဲ့ ကတိတွေကိုလည်း မြန်မာနိုင်ငံက ဖြည့်ဆည်းရာမှာ လုံလောက်မှု မရှိတဲ့ အကြောင်း၊ မြန်မာစစ်တပ် အနေနဲ့ ကလေးစစ်သားများကို တပ်ကနေ ထွက်ခွင့်ပြုနေကြောင်း သက်သေ အထောက်အထားတွေကို တောင်းခံရာမှာ တုန့်ပြန်မှု နှေးကွေးတဲ့ အကြောင်း၊ သတင်းအချက်အလက်တွေ တောင်းခံရင် နေရာဒေသတွေကို အတည်ပြုချက်နဲ့ ထိမ်းသိမ်းထားတဲ့ ကလေးစစ်သားတွေ အကြောင်း ကုလသမဂ္ဂက မေးမြန်းရင် မြန်မာစစ်တပ်ဘက်က တုန့်ပြန် ဖြေကြားမှုဟာ တခါတရံ လပေါင်းများစွာ၊ ဒါမှမဟုတ် နှစ်နဲ့ ချီကြာမြင့်ခဲ့ကြောင်း မစ္စ Gamba က သတင်းထောက်တွကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးြ့ပုမှုဟာ တပ်တော်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ပါ အသုံးပြုနေတဲ့ အတွက်ကြောင့် သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ကြောင်းလည်း မစ္စ Gamba ကပြောပါတယ်။

မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် ဇွန်လ ၂၉ ရက်နေ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး မြန်မာနဲ့ ကုလသမဂ္ဂ ဌာနေစောင့်ကြည့်မှတ်တမ်းတင်တဲ့ အလုပ်အဖွဲ့ (CTFMR)တို့ကြား လက်တွဲလုပ်ဆောင်နေတဲ့ ကလေးစစ်သားစုဆောင်းမှု ကာကွယ်ရေးဆိုင်ရာ ပူးတွဲစီမံချက်ကို အမြန်ပြီးအောင် လုပ်ပေးဖို့နဲ့ ကလေးအခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်က အမြန် အတည်ပြုနိုင်အောင် ကူညီဖို့ ပန်ကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေး အကာကွယ်ပေးရာမှာ မြန်မာနဲ့ ပိုပြီး ပူးပေါင်းလိုကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မစ္စ Gamba ဟာ နေပြည်တော်မှာ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းနဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း အပါအဝင် တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကလေးစစ်သားစုဆောင်းမှု အဆုံးသတ်ရေးနဲ့ ရေရှည် ကလေးသူငယ် အခွင့်အရေး အကာကွယ်ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

အခု လက်တွဲလုပ်ဆောင်နေတဲ့ ကလေးစစ်သားစုဆောင်းမှု ကာကွယ်ရေးဆိုင်ရာ ပူးတွဲစီမံချက်ကို ၂၀၁၂ က မြန်မာအစိုးရနဲ့ ဌာနေ ကုလသမဂ္ဂအဖွဲ့တို့ သဘောတူ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ၆ လတကြိမ် သက်တမ်း တိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ကလေးစစ်သားပေါင်း ၈၀၀ ကျော်တို့ကို စီမံချက် စတင်ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးများအသုံးပြုမှု ဆိုင်ရာ ကုလသမဂ္ဂရဲ့ နောက်ဆက်တွဲ သဘောတူ စာချုပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ မစ္စ Gamnba က တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG