သုံးရလွယ်ကူစေသည့် Link များ

သမ္မတ Donald Trump က ပြည်ခွင့် ယာယီပိတ်ပင်တဲ့ အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် - မြန်မာတိုင်းရင်းသားဒုက္ခသည် မိသားစုတချို့ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတော့ မလေးရှားနိုင်ငံကနေ မီဇိုးတိုင်းရင်းသား မိသားစုတစု Indiana ပြည်နယ်၊ Indianapolis မြို့ကို ရောက်လာခဲ့ပါတယ်။

သမ္မတ Trump ရဲ့ ပထမ သမ္မတအမိန့်ကြေညာချက်ကြောင့် အမေရိကန်ကို လာမယ့်အစီအစဉ် ပျက်မလို ဖြစ်ပြီးမှ အခုလို ရောက်လာကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ Rochhunga Kawilam ရဲ့ မိသားစုဟာ အမေရိကန်နိုင်ငံ လာဖို့ ထွက်ရက်ရပြီးမှ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ သမ္မတ Donald Trump က မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေနဲ့ အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်းနေထိုင်ကြမယ့် ဒုက္ခသည်တွေကို ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် သူတို့လာရမယ့် မူလအစီအစဉ် ပျက်သွားခဲ့ပြီးမှ နောက်ဆုံးမှာ လာခွင့်ရသွားခဲ့တဲ့အကြောင်း Rochhunga Kawilam က အခုလို ရှင်းပြပါတယ်။

"ပထမထွက်ရမယ့်နေ့က ၁၄ ရက်နေ့ထွက်မယ်၊ ၁၅ ရက်နေ့ရောက်မယ်ဆိုပြီးတော့ အစီအစဉ် ဆွဲပေးထားတယ်ပေါ့နော်။ ပြီးတော့ ဖေဖော်ဝါရီ ၂ ရက်နေ့လောက်မှာ သူတို့က ကျနော်တို့ကို ပြန်ပြီးတော့ ဖျက်လိုက်တယ်။ ဖျက်လိုက်တဲ့အခါကျတော့ schedule တွေ အကုန်လုံးကို သူတို့ဖျက်လိုက်တယ်။ ဖျက်ပြီးတော့ ဘာအကျိုးအကြောင်းမှ မပြောဘူး။ အဲ့လို အဲ့လို အခြေအနေကြောင့် အစီအစဉ်ပြန်ပြီးတော့ ဖျက်လိုက်တယ်ဆိုပြီး ကျနော်တို့ကို ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးတော့ ဘယ်နေ့ ဘယ်အချိန် ပြန်ထွက်မှာလဲဆိုတာကို သူတို့လည်း ပြောလို့မရဘူးဆိုပြီး၊ သူတို့ဟာနဲ့ သူတို့ ကြိုကာပြီးတော့ ဖုန်းထဲမှာ တခါတည်း ပြောထားလိုက်တယ်။ ပြောလိုက်တော့ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ ထိုင်ရမလား၊ ထရမလား၊ တော်တော်လေး နေရခက်တာပေါ့ဗျာ။"

မေး - အဲတော့ ၁၄ ရက်ထွက်၊ ၁၅ ရက်ရောက်မယ်ဆိုတာ အခု ထွက်လာတဲ့အတိုင်းပဲ ဖေဖော်ဝါရီလမှာ သူက ပြောတာပေါ့နော်။

ဖြေ - ဟုတ်ကဲ့ခင်ဗျ။

မေး - အဲလိုဖြစ်သွားပြီးတော့ ဘယ်အချိန်မှာ သူတို့က ထွက်ရဖို့ ပြန်ပြောလဲ။

ဖြေ - တကယ်ထွက်ဖြစ်မယ့်အကြောင်းကို ၄ ရက်လောက် ကြိုပြီးတော့မှ ကျနော်တို့ သိရတယ်။

မေး - အခု အကိုနဲ့အတူ ဘယ်နှစ်ယောက်ပါသလဲ။ အခု အမေရိကန်ကိုရောက်လာတာ။

ဖြေ - ကျနော့်မိသားစု အားလုံးပေါင်း ၄ ယောက်။

မေး - ဇနီးရယ်၊ သမီး ၂ ယောက်ပေါ့ ဟုတ်လား။

ဖြေ - ဟုတ်ကဲ့ သမီး ၂ ယောက်။

မေး - အခု Rochhunga Kawilam တို့ ထွက်လာပြီးတဲ့နောက်ပိုင်း Rochhunga Kawilam တို့နောက်မှာ မလေးရှားကနေပြီး ထပ်ထွက်လာမယ့်သူတွေ ရှိသေးလား။ ဘာကြားသေးလဲ။

ဖြေ - ကျနော်တို့စာရင်းအရ ကျနော့်ကို သူတို့ ပြောပြတာပေါ့နော်။ စာရင်းပြတာပေါ့။ စာရင်းထဲမှာ လူဦးရေ ၄၄ ယောက်ရှိတယ်။ ကျနော်တို့အသုတ်ထဲမှာပေါ့နော်။ အဲဒီ လူဦးရေ ၄၄ ယောက်ထဲမှာ ကျနော်တို့ မိသားစုတစုပဲ ပါလာတယ်။ ကျန်တဲ့လူတွေအားလုံးကို သူတို့က ဖျက်လိုက်တယ်။ ကျနော်တို့ထွက်တာကလည်း မလေးရှားမှာ ကျနော်တို့မိသားစုကိုပဲ လေယာဉ်ကွင်းကိုပို့တယ်။ မလေးရှားလေယာဉ်ကွင်းကနေ ထိုင်ဝမ်ကို ကျနော်တို့မိသားစုတစုတည်းပဲ ဘယ်သူမှ ကြိုမယ့်သူလည်းမရှိဘူး။

မေး - သူတို့ဘာကြောင့် ဒီလိုမျိုးဖြစ်တယ်ဆိုတာကို ရှင်းပြတာမျိုးရောရှိလား။

ဖြေ - အဲဒါတော့ ကျနော်လည်း မမေးဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ပြောတာတော့ ဒီကိစ္စက Donald Trump ကြောင့်လို့ ပြောတာပဲ။

မေး - ဟုတ်ပြီ အဲတော့ မိသားစုနဲ့ ဒီကို အေးအေးဆေးဆေး ရောက်လာကြပြီပေါ့ဗျာ။ အဲတော့ အနာဂတ်အစီအစဉ်ကရော ဘယ်လိုလဲ အလုပ်လုပ်မလား။ ဘယ်လိုစီစဉ်လဲ။

ဖြေ - ကျနော့်မိသားစု၊ ကျနော်တို့ရဲ့ ရှေ့ရေးအတွက် ဘာလုပ်ကိုင်ရမလဲ။ ဘယ်လိုဖြတ်သန်းသွားရမလဲဆိုတာတော့ ကျနော့်မှာလည်း အိုင်ဒီယာမရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရောက်သေးတဲ့နိုင်ငံ၊ ကိုယ် ဘာမှမသိတဲ့နိုင်ငံဆိုတော့ ကျနော် ဘာလုပ်ရမှန်းတောင် မသိရသေးဘူး။ ဖြစ်နိုင်ချေပေါ့နော် လူမှုရေးဌာနတခုခုမှာ အလုပ်သမားဝန်ထမ်း လုပ်ရင်းကောင်းမလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားမှာတုန်းကလည်း အဲ့လိုမျိုး လုပ်ခဲ့ဖူးတဲ့အတွက်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဒီဒုက္ခသည်တွေအတွက် တခုခုများ လုပ်ပေးနိုင်တဲ့ အရာများရှိခဲ့ရင် ဒီနိုင်ငံမှာ ကျနော့်အသင်းတော်ရှိတယ်။ အဲဒီအသင်းတော်နဲ့ ပူးပေါင်းပြီးတော့ တခုခုများ လုပ်ပေးနိုင်မလားဆိုပြီးတော့ စဉ်းစားတော့ထားတယ်။

မေး - အခု အမေရိကားရောက်လာပြီဆိုတော့ မိသားစုကရော ဘာပြောလဲ။ စိတ်ထဲမှာ ဘယ်လိုနေလဲ။

ဖြေ - ပျော်နေကြတာပေါ့နော်။ အမေရိကားကျတော့ အစစအရာရာ အဆင်ပြေတယ်။ အဓိကအဆင်ပြေတာကတော့ ရဲပေါ့နော်။ မလေးရှားမှာဆိုရင် ရဲကို ကြောက်နေရတယ်။ ဘယ်နေရာသွားသွား UN က ကဒ်မပါရင် မသွားရဲဘူး။ UN ကဒ်ပါရင်တောင် ရဲတွေက စစ်တယ်။ စစ်ရင်လည်း ပိုက်ဆံ နည်းနည်းလေး တောင်းတယ်။ အဲ့လိုမျိုးပဲ ကြုံနေရတဲ့အခါကျတော့ အမေရိကားရောက်ရင် ဘာမှ စိတ်ပူစရာမရှိဘူး။ ပူပင်သောကတွေ အကုန်လုံး ပျောက်သွားတာပေါ့နော်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကနေ ရောက်နေကြတဲ့ ချင်းတိုင်းရင်းသားချည်းပဲ သုံးသောင်းနဲ့ လေးသောင်းကြားမှာ ရှိတယ်လို့လည်း Rochhunga Kawilam က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကနေ ဇိုမီး ချင်းတိုင်းရင်းသား ဒုက္ခသည် ၅ ဦးဟာ Oklahoma ပြည်နယ်၊ Tulsa မြို့ကို ရောက်လာကြသလို၊ ထိုင်း-မြန်မာနယ်စပ် မယ်လာမူ ဒုက္ခသည်စခန်းက ကရင်တိုင်းရင်းသူ လူဖောဟာလည်း Pennsylvania ပြည်နယ်၊ Philadelphia မြို့ကို ရောက်လာခဲ့ပါတယ်။

သမ္မတ Trump ပထမ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချက်လိုက်ပြီးတဲ့နောက် ပြန်လည် ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သမ္မတအမိန့်ကြေညာချက် အသစ်ကို မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG