သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်အမျိုးသမီး အမေရိကန်ကိုအခြေချဖို့ဆိုက်ရောက်


မယ်လာမူ ဒုက္ခသည်စခန်း (ဓါတ်ပုံ-Mae Ra Moe Refugee Camp )
မယ်လာမူ ဒုက္ခသည်စခန်း (ဓါတ်ပုံ-Mae Ra Moe Refugee Camp )

သမ္မတ Donald Trump က ပြည်ခွင့် ယာယီပိတ်ပင်တဲ့အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လာမူ ဒုက္ခသည်စခန်းကနေ ကရင်ဒုက္ခသည် လူဖောဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က Pennsylvania ပြည်နယ်၊ Philadelphia မြို့ကို ရောက်လာခဲ့ပါတယ်။ လူဖောရဲ့ မိဘတွေနဲ့ တခြား မောင်နှမ ၃ ဦးတို့ကတော့ Philadelphia မြို့မှာ ရောက်နေကြပြီး ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မယ်လာမူဒုက္ခသည်စခန်းမှာ ရှိနေတဲ့ လူဖောဟာ Philadelphia မြို့မှာရှိတဲ့ မိသားစုနဲ့အတူ ပြန်လည်ပေါင်းစည်းရေးအတွက် ဇန်နဝါရီလကုန်ပိုင်းမှာ ရောက်လာဖို့ ရှိပေမယ့်လည်း သမ္မတ Trump က ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတအမိန့်ကြေညာချက် ရုတ်တရက် ထုတ်ပြန်လိုက်တာကြောင့် သူ့ရဲ့ မူလ ခရီးစဉ် ပျက်သွားခဲ့ရတာပါ။

ဒါပေမယ့် သမ္မတရဲ့ အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံ တရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက်မှာတော့ လူဖောဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံကို လာခွင့် ပြန်ရခဲ့တယ်လို့ ဗွီွအိုအေကို ဘာသာပြန်ကတဆင့် အခုလို ရှင်းပြပါတယ်။

ဖြေ။ “ကျမက ၁၄ ရက်နေ့၊ အင်္ဂါနေ့မှာ ရောက်ပါတယ်။”

မေး။ သူနဲ့အတူတူ ဘယ်နှစ်ယောက်ပါသလဲ၊ သူတယောက်ထဲလား။

ဖြေ။ “တယောက်ထဲပဲ။”

မေး။ ညီမလာတာ ဘယ်စခန်းကလဲ။

ဖြေ။ “စခန်းနာမည်ကတော့ မယ်လာမူ။”

မေး။ စခန်းမှာ ဘယ်နှစ်ယောက်လောက် ကျန်ခဲ့လဲ၊ ခန့်မှန်းခြေ သိရသလောက်။

ဖြေ။ “ခန့်မှန်းဖို့ ခက်ပါတယ်။ ဒါပေမယ့် လာချင်တဲ့သူတွေ အများကြီး ရှိပါသေးတယ်။”

မေး။ စခန်းထဲမှာ နောက်ထပ် အမေရိကားကို လာဖို့ လူတွေရှိသေးလား။

ဖြေ။ “မယ်လာမူကနေ လူတွေ အများကြီး လာချင်နေကြပါတယ်၊ ဒါပေမယ့် နံမည်စာရင်းက မကျသေးဘူး ဖြစ်နေတယ်။”

မေး။ အမေရိကားအဝင်မှာ မစစ်ဘူးလား၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ နိုင်ငံရေးက ရှုပ်ထွေးနေတော့လေး၊ သမ္မတ Trump ရဲ့ အမိန့်တွေ ဘာတွေနဲ့ ရှုပ်နေတော့ သူ့ကို ဘာတွေများ စစ်ဆေးသေးလဲ၊ အမေရိကန် လေဆိပ်ကိုရောက်တော့။

ဖြေ။ “သူ ဒီဘက်ကို ဝင်လာတာနဲ့ ဘာအခက်အခဲမှ မရှိပါဘူး။ ဒီ အမေရိကန် လေဆိပ်ရောက်ပြီးတော့ အမေနဲ့ Case worker တို့က လာကြိုကြပါတယ်။”

မေး။ မြန်မာပြည်ကနေလာဖို့ ဒုက္ခသည်တွေ အခက်အခဲရှိနေတဲ့ ကြားထဲမှာ ထူးထူးခြားခြား သူ့အနေနဲ့ အခက်အခဲတွေ ကြားထဲက ရောက်လာတော့ သူ့အနေနဲ့ ဘယ်လို ခံစားရသလဲ။

ဖြေ။ “ဟိုးအရင်တုန်းကတော့ လာရတော့မယ်ဆိုတော့ ပျော်မိပါတယ်။ ဒါပေမယ့် မလာရတော့ဘူးဆိုတော့ မပျော်တော့ဘူး။ စိတ်ညစ်တယ်။ အခု ဒီကိုရောက်လာပြီ၊ အမေနဲ့ တွေ့ရပြီဆိုတော့ ပျော်ပါတယ်။”

မေး။ အဲဒီတော့ ညီမ ဒီမှာ ဘာလုပ်မလဲ၊ နယ်စပ် စခန်းမှာတုန်းက ကျောင်းတက်ခဲ့သလား၊ ဘာလုပ်သလဲ။

ဖြေ။ “မယ်လာမူ စခန်းထဲမှာတုန်းက ကျောင်းတက်တယ်၊ ၉ တန်းအထိ တက်ခဲ့တယ်။ ဒါပေမယ့် ဒီဘက်ကို ရောက်လာတော့ စိတ်ထဲမှာ ကျောင်းပြန်တက်ချင်ပါတယ်။”

မေး။ ကျောင်းတက်ချင်တယ်၊ ၉ တန်းအထိ တက်ခဲ့တယ်ဆိုတော့ ဒီမှာ အထက်တန်းကျောင်း ပြန်တက်ရမယ်။ ဆိုတော့ ညီမ ဘဝမှာ ဘာဖြစ်ချင်လဲ၊ သဘောက ဆရာဝန်ဖြစ်ချင်တာလား၊ နပ်(စ်)မ ဖြစ်ချင်တာလား၊ ကျောင်းဆရာမ ဖြစ်ချင်တာလား၊ ဒါမှမဟုတ် အင်ဂျင်နီယာ ဖြစ်ချင်တာလား။ ဘဝရည်မှန်းက ဘာလဲ။

ဖြေ။ “ဒီဘက်ရောက်လာတော့ အင်္ဂလိပ်လို နားလည်ဖို့လည်း အရင် လုပ်ရဦးမယ်၊ ကျောင်းတက်ချင်တယ်၊ ကောလိပ်ပြီးသွားရင်တော့ ဆရာဝန်ဖြစ်ချင်တယ်။”

မေး။ အခု ညီမတို့ကို ကူညီပေးနေတဲ့ အဖွဲ့က ကျောင်းတက်ဖို့ကိစ္စတွေ၊ နောက် နေဖို့ ထိုင်ဖို့ကိစ္စတွေ အကူအညီပေးလား၊ ငွေရေး ကြေးရေး အထောက်အပံ့တွေ ပေးလား။

ဖြေ။ “အခုချိန်ထိတော့ မသိသေးဘူး။ အချိန်ထိတော့ Food stamp ပဲ ရတယ်။ Case worker ကို ကျောင်းတက်ချင်တဲ့အကြောင်း ပြေထားတယ်။ ဒါပေမယ့် ဘာမှ ပြန်မပြောသေးဘူး။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာပဲ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကနေ ဇိုမီး ချင်းတိုင်းရင်းသား ဒုက္ခသည် ၅ ဦးဟာ Oklahoma ပြည်နယ်၊ Tulsa မြို့ကို ရောက်လာကြပါတယ်။ အလားတူပဲ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတော့ မလေးရှားနိုင်ငံက ချင်းတိုင်းရင်းသား မိသားစုတစု Indiana ပြည်နယ်၊ Indianapolis မြို့ကို ရောက်လာခဲ့ကြပါတယ်။

သမ္မတ Trump ကတော့ မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေနဲ့ ဒုက္ခသည်တွေ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သူ့ရဲ့ ပထမ အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချက်လိုက်ပြီးတဲ့နောက် အခု သီတင်းပတ်အတွင်း အမိန့်ကြေညာချက် အသစ်တခု ထပ်မံ ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG