သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ အမေရိကန်ကိုလာရောက် အခြေချနိုင်မှု ခက်ခဲဆဲ


ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များ
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များ

သမ္မတ Donald Trump က ပြည်ခွင့် ယာယီပိတ်ပင်တဲ့အမိန့်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း အမေရိကန်မှာ ရွေ့ပြောင်း အခြေချနေထိုင်ရေး အစီအစဉ်နဲ့ မြန်မာဒုက္ခသည်တွေ ရောက်လာတာ မရှိသေးဘူးလို့ ဒုက္ခသည်တွေအရေး ကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။ သမ္မတရဲ့ အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံအတွင်းကို တခြားနိုင်ငံကလူတွေ ဝင်ရောက်လာနေကြပေမယ့် မြန်မာဒုက္ခသည်တွေကတော့ လာနိုင်ဖို့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ Donald Trump ရဲ့ အမိန့်ကို ပယ်ချလိုက်တဲ့ Washington ပြည်နယ်၊ တရားသူကြီးရဲ့ စီရင်ချက်ကို တရားရေးဌာနက အယူခံဝင်ရာမှာ အဲဒီအမှုကို ပြည်ထောင်စု အယူခံတရားရုံးက နှစ်ဖက် လျှောက်လဲချက်တွေကို ကြားနာပြီး သမ္မတရဲ့ အမိန့်ကြေညာချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပယ်ချလိုက်ပါတယ်။

ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတရဲ့ မူလကြေညာချက်ထွက်လာပြီးတဲ့နောက် အမေရိကန်ကို လာကြမယ့် မြန်မာ ရွေ့ပြောင်း အခြေချ နေထိုင်သူတွေ လေဆိပ်မှာ ပိတ်မိတယ်၊ ပြည်ဝင်ခွင့် ဗီစာရပြီးမှ လာလို့မရဖြစ်ကုန်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ပြည်ထောင်စု အယူခံတရားရုံးက သမ္မတရဲ့ အမိန့်ကို ပယ်ချလိုက်ပြီးတဲ့နောက် မူလက ယာယီပိတ်ပင်တဲ့အထဲမှာပါတဲ့ မွတ်စလင် အများစုနေထိုင်တဲ့ နိုင်ငံ (၇) နိုင်ငံကလူတွေနဲ့ တခြား နိုင်ငံတွေက ဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရောက်လာနေကြပေမယ့်လည်း မြန်မာ ရွေ့ပြောင်း နေထိုင်သူတွေတော့ ဒီကြားထဲမှာ ရောက်လာတာ မရှိသေးဘူးလို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Indiana ပြည်နယ်၊ Fort Wayne မြို့က ကိုမျိုးမြင့်က ပြောပါတယ်။

“ မရှိဘူးခင်ဗျ Donald Trump ရဲ့ Executive order ထွက်လာပြီးတဲ့နောက်မှာ ဒီဘက်ထပ်ရောက်တာ တယောက်မှမရှိဘူး။ သူတို့က IOM တို့ နောက် နိုင်ငံတကာ ခရီးသွားအဖွဲ့တွေရှိတယ်၊ အဲဒီအဖွဲ့တွေကိုယ်က ဒီဘက် အမေရိကန်ခရီးစဉ်အတွက်ကို ဒီဘက်က ပိတ်လိုက်တဲ့ အတွက် စီစဉ်လို့မရဘူးဖြစ်သွားတယ်။ ဟိုအဖွဲ့တွေက သပ်သပ်ပိတ်တာတော့မဟုတ်ဘူးပေါ့ ဟိုဒီဘက်က အမေရိကန်က အဝင်မခံတော့ဘူးဆိုတော့ သူတို့ကလည်း သူတို့ Process ရပ်လိုက်တယ် တချို့ဆိုရင် Departure date ကျပြီးခါမှ အဲလိုဖြစ်သွားတော့ နောက်ထပ်ဘယ်လောက်ကြာကြာ စောင့်ရမလဲမသိဘူးလေ။

မေး။ ။ကိုမျိုးမြင့် တို့အပါအဝင်ပေါ့ ဘယ်လိုသဘောရလဲ စီရင်ချက်အပေါ်မှာ ၊ အယူခံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ။

ဖြေ။ ။ အဓိကတော့ ဒီမှာတော့ ဒုက္ခသည်အများစုက Family reunification တွေပေါ့ မိသားစုပြန်လည်ပေါင်းစည်းရေး၊ သူတို့တွေအတွက်က ဟိုတလောတုန်းကဆို ငိုရမလို၊ ရယ်ရမလိုဖြစ်နေတယ်ခင်ဗျ။ အခုက တရားရုံးကနေပြီးတော့ သမ္မတအမိန့်ကို ပြန်ပယ်လိုက်တယ်ဆိုတာကြားတော့ သူတို့ နည်းနည်းပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်တယ်၊ ဒါပေမယ့် သေချာပါ့မလားဆိုတဲ့ သံဿယက ခေါင်းထဲမှာ ဝင်နေတယ်ပေါ့။

မေး။ ။Trump ကပြောနေတာက အရမ်းကို ကျကျနန စီစစ်မယ်ဆိုပြီး အကြိမ်ကြိမ်ပြောနေတာကို အခုလက်ရှိအချိန်အထိ ဖြစ်နေတဲ့ မြန်မာဒုက္ခသည်တဦးပေါ့ဗျာ ဆိုကြပါစို့ သူကိုခေါ်မယ်ဆိုရင် သူ့ Process က ဘယ်လောက်ကြာသလဲ၊ Interview ဘယ်နှစ်ခါဝင်ရပါသလဲ အဲလိုမျိုးတွေက ဘယ်လိုရှိသလဲခင်ဗျ။

ဖြေ။ ။အရင်ဆုံးကပေါ့ဗျာ UN မှာ ဒုက္ခသည် အဖြစ်နဲ့ သွားလျှောက်ရမယ်၊ အရင်တုန်းကဆိုရင် လျှောက်ပြီး UN ကနေခွင့်ပြုတာနဲ့ ပြီးသွားတယ်။ ကျနော့်တုန်းကကျတော့ ထိုင်းကိုရောက်လာတယ်၊ မဲဆောက်မှာရှိတဲ့ UN ရုံးကိုသွားပြီးတော့ ဒုက္ခသည်အဖြစ်သွားလျှောက်တယ်၊ အဲဒီကနေပြီးတော့ သတ်မှတ်လိုက်တယ် ဘယ်နေ့နောက်ဆုံးထားပြီး ဘယ် ဒုက္ခသည်စခန်းကိုဝင်ပါ၊ ဘယ်သူတွေကတော့ ဘယ်ဒုက္ခသည်စခန်းဆိုပြီးတော့ ဒုက္ခသည်စခန်းနဲ့ လူနာမည်နဲ့ပါ တခါတည်းတွဲပြီးတော့ ကြေညာတယ်။ အဲဒါဆိုရင် ကျနော်တို့က ဒုက္ခသည်စခန်းကိုဝင်ရတယ်။ ဒုက္ခသည်စခန်းကိုဝင်ပေမယ့် ဒုက္ခသည်ကမဖြစ်သေးဘူး။ PAB လို့ခေါ်တဲ့ ပြည်နယ် ဘုတ်အဖွဲ့ရှိတယ် Provincial Administration Board ဆိုတာ ကျနော်တို့ကတော့ Tak ခရိုင်ဆိုတော့ ပြည်နယ် ဘုတ်အဖွဲ့ကနေပြီးတော့ စိစစ်တယ်၊ ပြီးတော့ ဒီလူ့ကိုတော့ဖြင့် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမယ်။ ဒီလူ့ကိုတော့ဖြင့် မပြုဘူး ဆိုတဲ့ ထိုင်းကစိစစ်တာ အရင်တုန်းကတော့ ဒုက္ခသည်အဖြစ် စိစစ်တာက UN က စိစစ်တာ၊ နောက်ပိုင်းPAB ပေါ်လာတဲ့အခါကျတော့ ဘုတ်အဖွဲ့ဝင် ၉ ဦးမှာ ၈ ဦးကထိုင်း တဦးပဲ UN ကလူ ဆိုတော့ အဲဒီ ၉ ဦးကနေ စိစစ်ပြီးတဲ့အခါကျတော့ ဘယ်သူ့ကိုတော့ ဒုက္ခသည်အဖြစ် သတ်မှတ်မယ်၊ ဘယ်သူ့ကို မသတ်မှတ်ဘူးဆိုပြီးတော့ လုပ်လိုက်တယ် ။

အဲလိုလုပ်လိုက်တဲ့အခါမှ ဒုက္ခသည်ဖြစ်သွားရော ။ ဖြစ်သွားပြီဆိုရင် ရိက္ခာတွေရမယ်၊ စခန်းထဲမှာ တရားဝင်နေထိုင်ခွင့်ရမယ်၊ပေါ့ဗျာ အဲဒါပြီးရင် တခါ စောင့်ရသေးတယ်၊ UN ကနေ ဒုအကြိမ်ပြန်ပြီးတော့ Registration ပြန်လာလုပ်တယ် အဲဒီအချိန်မှာ Interview တကြိမ်လုပ်ရတယ်။ ဆိုတော့ Interview က စုစုပေါင်း ပထမဦးဆုံး UN မှာသွားတုန်းက တကြိမ်၊ PAB နဲ့ တကြိမ်၊နောက် UN နဲ့ တကြိမ်၊ အဲဒီ ၃ ကြိမ်ပြီးသွားရော နောက် နိုင်ငံတွေလည်း ရွေးပြီးသွားရော ၊ နောက်လက်ခံမယ့်နိုင်ငံလည်းရပြီ ၊ ဥပမာ အမေရိကန်ကိုကျနော်ကလာမယ်ဆိုရင် အမေရိကန်က Homeland security နဲ့ အင်တာဗျူးတယ်။ သူက ok ဆိုပြီးတော့ Pass ဖြစ်သွားတာနဲ့ visa ပေးတာ။ ဆိုတော့ Process တခုလုံး ကျနော်တုန်းကဆိုရင် ၃ နှစ်ကျော်ကြာတယ်။ အင်တာဗျူးက ၅ ခါလောက်ဝင်ရတာ ဟုတ်တယ်။”

အရင် သမ္မတ Barack Obama အစိုးရလက်ထက်က ၂၀၁၇ ခုနှစ်အတွင်း ဒုက္ခသည်အရေအတွက် ၁၂၀,၀၀၀ ခန့် လက်ခံဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အဲဒီအရေအတွက်ကနေ ၅၀,၀၀၀ အထိ လျော့ချသွားဖို့ သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားတာကြောင့် ခင်ပွန်းဖြစ်သူ မလေးရှားနိုင်ငံကနေ အမေရိကန်ကို အခုနှစ်အစောပိုင်းမှာ လာဖို့ မူလက အစီအစဉ် ရှိခဲ့မေယ့် လက်ရှိ အခြေအနေမှာတော့ ဘယ်တော့ လာခွင့်ရမယ်ဆိုတာ အတိအကျ မသိနိုင်ဘူး ဖြစ်နေတယ်လို့ Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာနေတဲ့ မခိုင်ဇာက ပြောပါတယ်။

“အခုက Refugee တွေကို သူတို့ ပေးမဝင်သေးဘူးလေ၊ ၁ သိန်းခွဲခေါ်ရမယ်တဲ့ ခေါ်ရမယ့်အထဲမှာ ၅ သောင်းပဲခေါ်မယ်ပေါ့နော်၊ ၈သောင်းလောက်လျှော့ချလိုက်တယ်ဆိုတော့ အဲဒီထဲမှာ သူပါချင်လည်း ပါမယ် မပါချင်လည်းမပါဘူး။ ညီမလည်း Agency က ဖုန်းဆက်ထားတယ်ပေါ့နော် သူက ၁ လပိုင်းကနေ ၄ လပိုင်းအထိ ဒီကိုရောက်မယ်လို့ပြောထားတယ်။ အခု ၁၇ ရက်နေ့မှ သူတို့ သေချာသတင်းအတိအကျရမယ်ဆိုရင် ညီမသူတို့ကို ပြန်ဆက်သွယ်လို့ရမှာ ။”

သမ္မတ Trump က သူ့ရဲ့ ပထမ သမ္မတအမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် မူလက အဲဒီ ကိစ္စကို တရားရုံးချုပ်မှာ အယူခံဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပေမယ့် အခုအချိန်မှာတော့ တရားရုံးက လက်ခံနိုင်မယ့် သမ္မတအမိန့်ကြေညာချက်အသစ်တခု မကြာခင် ထုတ်ပြန်ဖို့ စီစဉ်နေကြောင်း သမ္မတ Trump က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG