သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်များ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်နေဆဲ


မြန်မာဒုက္ခသည် ၅ ဦး Oklahoma ပြည်နယ် Tulsa မြို လေဆိပ်ကို ဆိုက်ရောက်လာစဉ် (ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၁၇)
မြန်မာဒုက္ခသည် ၅ ဦး Oklahoma ပြည်နယ် Tulsa မြို လေဆိပ်ကို ဆိုက်ရောက်လာစဉ် (ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၁၇)

ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အန္ဒိယမှာရှိနေတဲ့ UNHCR က အသိအမှတ်ပြုထားပြီး အမေရိကန်ပြည်ထောင်စုက စိစစ်ထားတဲ့ မြန်မာဒုက္ခသည်တွေကို အမေရိကန်မှာ လာရောက်အခြေချဖို့ ဆက်ပြီး လက်ခံသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန က ဗွီအိုအေကို ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်အမိန့်ကို ပြည်ထောင်စုခရိုင်တရားရုံးက တားမြစ်ခဲ့ပြီးနောက် ဒီအမိန့် ပြန်ပြီးခွင့်ပြုဖို့ Trump အစိုးရအဖွဲ့ရဲ့ အယူခံဟာလည်း ပယ်ချခံထားရချိန်အတွင်း မြန်မာဒုက္ခသည်တွေကို အမေရိကန်ကို လာရောက်အခြေချနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့အမိန့်ကြေညာချက်ကို ပြည်ထောင်စု အယူခံတရား ရုံးက ပယ်ချလိုက်ပြီးတဲ့နောက် မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည် ထောင်စုထဲ လာဖို့ လက်ခံနေတဲ့အခြေအနေကို အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက အခုလို ပြောပါတယ်။

“ဇန်နဝါရီ ၂၇ ရက်မှာ သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ အမိန့် ထုတ်ပြန်ချက်အရ ရိုဟင်ဂျာ ဒုက္ခသည်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချမယ့် ဒုက္ခသည်တွေရဲ့ အစီအစဉ်ပေါ်မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ဖေဖေါ်ဝါရီလ (၃)ရက်နေ့မှာ ပြည်ထောင်စု ခရိုင်တရားရုံးကနေ သမ္မတရဲ့ အဲဒီ အမိန့်ကြေညာချက်ကို တားမြစ်ခဲ့ပြီးနောက် အစိုးရဘက်ကလည်း ပြန်ပြီး အယူခံ တင်ထားတဲ့အချိန်အတွင်းအမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချ မယ့်ဒုက္ခသည်အစီအစဉ်ကနေ ရိုဟင်ဂျာအပါအဝင် ကမ္ဘာတဝှမ်းကလာမယ့် ဒုက္ခသည်တွေကို လက်ခံနေပါတယ်။ ဒါကြောင့် အဲဒီအစီအစဉ်ကနေ တဆင့် ဒုက္ခသည်တွေဟာ အမေရိကန်ပြည်ထောင်စုကို ဝင်လာနေပါပြီ။”

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက်အမေရိကန် ပြည်ထောင်စု မှာ လာရောက်အခြေချဖို့ နိုဝင်ဘာလအတွင်း စတင်ခဲ့တဲ့ အစီအစဉ်ကို ဒီသတင်းပတ်အတွင်း ပြန်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်နေကြောင်း Sumatra ကျွန်းမြောက်ပိုင်း Medan မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက ပြောပါတယ်။ သူတို့ ဘယ်အချိန် ရောက်လာမလဲဆိုတာ အတိအကျ ပြောလို့မရပေမယ့် အကြမ်းဖျင်းအားဖြင့် ၁၈လကနေ ၂၄ လ အတွင်း အမေရိကန်ပြည်ထောင်စုကို ရောက်လာကြမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကို ရောက်လာဖို့ အချိန်နဲ့ပတ်သက်ပြီး နိုင်ငံသားအလိုက် ခွဲခြား သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က လွဲှပြောင်းပေးလိုက်တဲ့ အချိန်ကစပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာဖို့ ပျမ်းမျှခြင်းအားဖြင့် ၁၈ လ ဒါမှမဟုတ် ၂၄ လ ထိ ကြာမြင့်ပါတယ်။”

တဆက်တည်းပဲ အခုနောက်ပိုင်းဝင်လာမယ့် မြန်မာဒုက္ခသည်တွေကို ဘယ်ပြည်နယ်ကလက်ခံထားသလဲလို့ မေးကြည့်တော့

“အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်တွေ အခြေချနေထိုင်မယ့် အစီအစဉ်ဟာ တဦးချင်းစီရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဆိုလိုတာက အမေရိကန်ကို ဒုက္ခသည်တွေလာတော့မယ်ဆိုရင် သူတို့ တဦးချင်းစီ ဒါမှမဟုတ် မိသားစု အလိုက်ပေါ်မှာ ဘယ်နေရာ အကောင်းဆုံး၊ သင့်တော်မလဲဆိုတာ ကို ကျမတို့ကြည့်ပါတယ်။ အမေရိကန်ကို ဒုက္ခသည်တွေ စပြီးရောက်လာချိန်မှာ သူတို့ ရပ်တည်နိုင်ရေးအတွက် အကူအညီပေးနိုင်တဲ့ မိသားစုဝင်တွေ၊ဆွေမျိုးသားချင်းတွေရှိတဲ့ နေရာကို အဓိက ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံကို လွန်ခဲ့တဲ့ နှစ်နှစ်လောက် က လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ထဲက အမေရိကန်မှာ အခြေချဖို့ ခွင့်ပြုချက်ရထားသူတွေအတွက် အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်ရဖို့ အဲဒီမှာရှိနေတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးက စီစဉ်နေတာဖြစ်ပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုကိုသွားဖို့ စောင့်ဆိုင်းနေတဲ့ မလေးရှားနိုင်ငံက UNHCR အသိအမှတ်ပြုထားပြီး အမေရိကန်ပြည်ထောင်စုက စိစစ်ထားတဲ့မြန်မာနဲ့ ရိုဟင်ဂျာဒုက္ခသည် တချို့လည်း အမေရိကန်ကို ထွက်ခွာခွင့် ဒီရက်ပိုင်းအတွင်း ရရှိထားပြီဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ Rohingya Society in Malaysia ဥက္ကဌဖြစ်သူ ဖိုင်ဇဲလ် (ခေါ်) ဘိုမင်းနိုင်က ပြောပါတယ်။

“ဒီ Departure date ကိုစောင့်နေကြတဲ့လူတွေထဲမှာ ဒီကြားထဲမှာ အခုလိုမျိုး ရက်ပေါင်း ၁၂၀ စောင့်ရမယ်ဆိုပြီးတော့ ပြောလာတော့ လူတွေက တမျိုးဖြစ်သွားတာပေါ့နော် ၊ နောက်ပိုင်းဒီကြားထဲမှာပဲ ကျနော့်မိတ်ဆွေတယောက်ရယ်၊ တခြားလူတွေရယ် ရိုဟင်ဂျာပဲ သူတို့ကို departure date ပေးလိုက်တယ်၊ အဲဒါမနက်ဖြန်ပဲ ။ ပထမတော့ သူတို့ကိုဆိုင်းငံ့ထားတယ်၊ US ကို Resettlement လုပ်တဲ့အထဲမှာ ပြောရမယ်ဆိုရင် ဒီ UN ရဲ့စာရင်းရှိတဲ့အထဲက အခုအချိန်အထိပေါ့နော်၊ လူ ၃၀၀၀ ကျော်လောက်ကိုပဲ resettlement လုပ်တာပေါ့နော် ရိုဟင်ဂျာထဲက ။ ချင်းတွေကတော့ များတာပေါ့နော် ၊ သူတို့က ခရစ်ယာန်ဆိုတော့ပေါ့နော် ၊ ဟိုဘက်ကနေလည်း Sponsor တွေရတယ်ဆိုတော့ သူတို့အတွက်က ပြဿနာမရှိနိုင်ဘူး။”

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ကနေ ဒီနှစ် ဇန်နဝါရီလ အထိ အမေရိကန်ပြည်ထောင်စု မှာ အခြေချနေထိုင်ခွင့်ရခဲ့တဲ့ မြန်မာဒုက္ခသည် စုစုပေါင်း နှစ်ထောင့် သုံးရာကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ကန်လူဝင်မှုကြီးကြပ်ရေး အစီအစဉ်နဲ့ မြန်မာဒုက္ခသည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG