သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းအမတ်လွှတ်ဖို့ အရေးပေါ်အဆို လွှတ်တော်အတည်ပြု


 ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

(Zawgyi/Unicode)

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ရက္ခိုင့်တပ်မတော် AA ဘက်က ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ပါတယ်။

AA ဘက်ကတော့ ရခိုင်မှာ အတိဒုက္ခရောက်နေသူတွေ အတွက် အစိုးရပံ့ပိုးကူညီမှု အားနည်းနေတာကို နှုတ်ဆိတ်နေခဲ့တဲ့ လွှတ်တော်က လက်ရှိ အာဏာရပါတီ ကိုယ်စားလှယ် အတွက်မှ အရေးကြီး အဆို တင်တဲ့အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ဒီကနေ့မဲခွဲဆုံးဖြတ် တာမှာတော့ ကိုယ်စားလှယ် အယောက် ၂၀၀နီးပါးက မဲမပေးဘဲ နေခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်မေခစုစည်းတင်ပြထားပါတယ်။

AA ဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ၃ရက်က NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့ တင်းအပါအဝင် အိန္ဒိယနိုင်ငံသားတွေကို ဖမ်းဆီးခဲ့တာမှာ အိန္ဒိယနိုင်ငံသားတွေကို လွှတ်ပေးခဲ့ပေမယ့် ခုချိန်ထိ ဦးဝှေ့တင်းကို ထိန်းသိမ်းထားတာ အခုဆိုရင် သီတင်းနှစ်ပတ် ရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်နေ့က လွှတ်တော်ကိုယ်စား လှယ် ဦးဝှေ့တင်း အပါအဝင် ရက္ခိုင့်တပ်မတော် AA ဘက်က ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ အာဏာရ NLD ပါတီဘက်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သတ်လို့ ဒီကနေ့ လွှတ်တော်တွင်းဆွေးနွေးတာမှာ ကိုယ်စားလှယ် အများစုက လူထု ရွေးကောက်တင်မြောက်ထားသူကို ခုချိန်ထိ ဖမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အမြန်ဆုံး ပြန်လွှတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မတူပီမဲဆန္ဒနယ်က ဦးပါထန်းကတော့ AA လုပ်ဆောင်ချက်က ချင်းနဲ့ ရခိုင် လူမျိုးတွေကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်သလိုဖြစ်နေတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ရှေးယခင်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးကြားမှာ အထင်အမြင်လွဲမှားမှု ၊ စိတ်ဝမ်းကွဲပြားမှှု တွေ ဖြစ်ပေါ်လာစေမှာဖြစ်ပြီး ပဋိပက္ခကို မွေးဖွားပေးသလို ဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် AA အနေနဲ့ ယခုလို လုပ်ရပ်မျိုးကို လုံးဝရှောင်ရှားပြီး ဦးဝှေ့တင်းနဲ့ အပြစ်မဲ့ပြည်သူများကို အမြန်ဆုံး လွှတ်ပေးဖို့ လိုကြောင်း ဆွေးနွေးလိုပါတယ်။”

ရခိုင်အမျိုးသားပါတီက မထုမေကလည်း ဖမ်းဆီးထိန်းသိမ်းထားတာ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆို လိုက်ပေမယ့် ရခိုင်မှာ အတိဒုက္ခရောက်နေတဲ့ အမေ့လျော့ခံ ပြည်သူတွေအတွက်လည်း ဦးဝှေ့တင်း လိုဘဲ အစိုးရဘက်ကို တိုက်တွန်းပေးဖို့ ပြောဆိုလိုက်ပါတယ်။

“ တရားမျှတမှုနဲ့ ဥပဒေအရ အကာအကွယ်ဟာ အင်အားကြီးသူတွေအတွက် ဖြစ်နေပြီး ၊ ခိုကိုးယာမဲ့ ဖြစ်နေတဲ့ တိုက်ပွဲရှောင်ပြည်သူတွေအတွက် စကားလုံး သပ်သပ်မျှ ကြားကောင်း ရုံဘဲ ပြောနေရင်တော့ ပြည်သူတွေဟာ မြေစာပင်ဖြစ်သထက်ဖြစ်လာမှာ သေချာပါတယ်။ တိုက်ပွဲအကြားမှာ အပြစ်မဲ့ ပြည်သူတွေ သေကြေပျက်စီးမှု ကို တိတ်ဆိတ်နေခြင်းဟာ တရားမျှတမှု မရှိသလို လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်စားပြုမှုကို ယခုအချိန်မှာ ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။”

ရခိုင်မှာ အတိဒုက္ခရောက်နေသူတွေ အတွက် အစိုးရပံ့ပိုးကူညီမှု အားနည်းနေတာကို နှုတ်ဆိတ်နေခဲ့တဲ့ လွှတ်တော်က လက်ရှိ အာဏာရပါတီ ကိုယ်စားလှယ် ထိန်းသိမ်း ခံထားရတဲ့ကိစ္စကျမှ အရေးကြီးအဆို တင်သွင်းခဲ့တဲ့အပေါ် AA အဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

“တော်တော်လေး တရားမျှတမှုမရှိတဲ့လုပ်ရပ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာ အခုထက် ပိုပြီးတော့ မဖြစ်မနေ လုပ်ရမယ့် ၊ လုပ်ငန်းတွေအများကြီးရှိတယ်။ ဒါနဲ့ ပါတီမှာက အဲဒီလုပ်ငန်းတွေကို လုပ်တာမတွေ့ရဘူး။ ဆိုတော့ ရခိုင်ဘက်မှာ ဒုက္ခသည် ၈၀၀၀၀ အထက်ရှိတာ ။ ဆိုတော့ ဒီကိစ္စတွေက အရေးပေါ်အဆိုတင်ပြီးတော့ ပြည်သူတွေအကျိုးကို ရှေးရှုပြီးတော့ လုပ်ရမယ့်လုပ်ငန်းတွေ။”

ဦးဝှေ့တင်းဟာ လူမျိုးစုတွေကြား သွေးခွဲတာ၊ ရခိုင်လူမျိုးတွေကို နှိပ်ကွပ်ဖို့လုပ်ဆောင်တာ တွေရှိလို့ အခုလိုထိန်းသိမ်းထားတာလို့ AA ဘက်က စွပ်စွဲထားပေမယ့် ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် အများစုက ဒါကို ငြင်းဆိုပါတယ်။ ဒီကနေ့ မဲခွဲဆုံးဖြတ်တာမှာတော့ ကိုယ်စားလှယ် ၂၀၀နီးပါး မဲပေးတာမရှိခဲ့သလို တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ဆွေးနွေးဖို့လုပ်ထားပြီးမှ ဝင်ရောက်ဆွေးနွေးခြင်း မပြုဘဲ ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)











XS
SM
MD
LG