သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်စစ်အင်အားတိုးမြှင့်


တောင်တရုတ်ပင်လယ်ပြင်မှာ တည်ဆောက်ထားတဲ့ လူလုပ်ကျွန်းတွေပေါ်မှာ လေကြောင်းရန် ကာကွယ်ရေးနဲ့ မစ်ဇိုင်းဒုံးကျည် ကာကွယ်ရေးစနစ် တွေကို တရုတ်စစ်တပ်က တပ်ဆင်လာနေတဲ့အတွက် အငြင်းပွားနယ်မြေမှာ တိုက်ခိုက်ရေးလေယာဉ်တွေ ချထားမယ့် ရှေ့ပြေး အစီအစဉ်တရပ် အဖြစ် တွေ့မြင်လာနေရတယ်လို့ အမေရိကန် သုတေသနအဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။

ဒီကျွန်းတွေကို စစ်နယ်မြေအဖြစ် မလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲမှာ တရုတ်သမ္မတ Xh Jinping က အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကို ကတိပြုထားပေမဲ့ - အပြောနဲ့အလုပ် မညီတာကို အခုလုပ်ရပ်တွေက သက်သေပြနေတယ်လို့ အာရှဒေသ ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာ မှုရှိရေး AMTI ဌာနရဲ့ ညွှန်ကြားရေးမှူး Gregory Poling က ဗွီအိုအေကို ပြောပါတယ်။ ဒါဟာ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာရင် - ဒီကျွန်းတွေမှာ လက်နက်တပ်ဆင်နိုင်အောင်လို့ ကြိုတင်ပြင်ဆင်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ကျွန်းတွေပေါ်မှာ လက်နက်စနစ်သစ်တွေ တပ်ဆင်ထားတယ်ဆိုတာကို - စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လနဲ့ချီ လေ့လာဆန်းစစ်ပြီးနောက် အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း AMTI ဌာနက ပြောပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေကိုကြည့်ရင် - လေယာဉ်ပစ်အမြောက်တွေ တပ်ဆင်ထားတာ - အမြောက်တွေရဲ့ အရွယ်အစား ကြီးမားလွန်းတာတွေကိုလည်း တွေ့ရှိရကြောင်း AMTI ညွှန်ကြားရေးမှူး Poling က ပြောဆိုပါတယ်။ မစ်ဇိုင်းဒုံးကာကွယ်ရေးစနစ် ဖြစ်နိုင်တဲ့ - ကာကွယ်ရေးစနစ်တွေကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ Cruise မစ်ဇိုင်းဒုံးတွေရဲ့ အန္တရာယ်ကို မြေပြင်က ဝေဟင်ပစ် ဒုံးတွေနဲ့ ကာကွယ်ရာမှာ - လွတ်ထွက်လာတဲ့ ဒုံးတွေကို အနီးကပ် ချေမှုန်းနိုင်အောင် စီစဉ်ထားတာဖြစ်တဲ့အတွက် ကျွန်းတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်ဆိုတာ သိသာနေတယ်လို့လည်း Poling က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG