တရုတ်စွမ်းအင် အေဂျင်စီရဲ့ အကြီးအကဲကို အာဏာရ ကွန်မြူနစ်ပါတီက ထုတ်ပယ်လိုက်သလို ရာထူးကလည်း ဖယ်ရှားလိုက်ပါတယ်။
Nur Bekri ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး အလုပ်နေရာတွေပေးခဲ့တဲ့အပြင်၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုလည်း ပစ္စည်းဥစ္စာတွေနဲ့ ငွေကြေးအမြောက်အများ လက်ခံရယူပြီး ကူညီပေးခဲ့တယ်လို့ တရုတ်အစိုးရရဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက စနေနေ့ ညနေပိုင်းမှာ ကြေငြာခဲ့ပါတယ်။
Bekri ဟာ တရုတ်နိုင်ငံ Xinjiang မြို့မှာ အများအပြားနေထိုင်ကြတဲ့ Uighuar မွတ်ဆလင် အဆင့်မြင့် အရာရှိကြီးတွေထဲက တဦးဖြစ်ပါတယ်။ နိုင်ငံ အနောက်စွန်း ပြည်နယ်မှာ လုံခြုံရေးအရ ဖြိုခွင်းနှိမ်နှင်းမှုတွေ လုပ်ပြီး Uighuar နဲ့ Kazakh လူမျိုး ၁ သန်းလောက်ကို အစိုးရက ဖမ်းဆီးထိမ်းသိမ်းခဲ့တဲ့ ကိစ္စနဲ့ Bekri ကို ခုလို ရာထူးကရော ပါတီကပါ ထုတ်ပယ်လိုက်တဲ့ ကိစ္စ ဆက်စပ်မှုရှိတာကိုတော့ မတွေ့ရပါဘူး။
သမ္မတ Xi Jinping က သူ့လက်ထက်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ နှစ်တွေနဲ့ချီ လုပ်ကိုင်လာတာမှာ အဆင့်မြင့် အရာရှိတွေရော အလယ်အလတ် ရာထူးရှိသူတွေပါ ဖော်ထုတ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဟာ သမ္မတ ရှီကို လူကြိုက်များစေတဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ ဒီလုပ်ရပ်က နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားပစ်ဖို့ အဆင်ပြေလှတဲ့ နည်းလမ်းလည်း ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။