သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံရေးပါတီတွေနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မည်


သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရသည့် ဒုဝန်ကြီး Guo Yezhou. အောက်တိုဘာလ ၂၁၊ ၂၀၁၇။

မြန်မာနိုင်ငံက အဓိကပါတီကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုကို တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ တန်ဖိုးထားတယ်လို့ ပါတီထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်လာပြီးတဲ့နောက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ အရေးပါလာတယ်လို့လဲ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာနိုင်ငံက အဓိကနိုင်ငံရေးပါတီကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အရေးကြီးတဲ့ကိစ္စ တရပ်အဖြစ် သတ်မှတ်ထားတယ်လို့ ပါတီအကြီးတန်းတာဝန်ရှိသူတဦးက စနေနေ့မှာ ပြောတာပါ။

ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ CPC ညီလာခံ ပြင်ပမှာလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတခုအတွင်း CPC ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဒုတိယ၀န်ကြီး၊ Guo Yezhou က အဲဒီလိုပြောသွားတာပါ။

“တရုတ်နဲ့မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး ကာလရှည်ကြာ အမြစ်တွယ်ခိုင်မာနေတဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိထားတဲ့နိုင်ငံတွေပါ။ ဒီဆက်ဆံရေး ပိုမိုခိုင်မာစေဖို့နဲ့ ပါတီအချင်းချင်း အပြန်အလှန် ဆက်ဆံရေး အပါအ၀င် နည်းလမ်းအမျိုးမျိုးကနေတဆင့် ကဏ္ဍအသီးသီးမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုပြီးတိုးတက်လာဖို့ မြန်မာနိုင်ငံနဲ့ လက်တွဲ လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။”

တရုတ်ကွန်မြူနစ်ပါတီဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ၂၀၁၀ ပြည့်နှစ်ကတည်းက ဆက်ဆံရေး ရှိထားခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ NLD ပါတီနဲ့ ဆက်ဆံရေး အပြန်အလှန် ရှိလာခဲ့ပြီး မြန်မာ့အပြောင်းအလဲမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍကို တရုတ်က အလေးထားလာတယ်ဆိုတာ Guo Yezhou ပြောသွား တာက ပြနေပါတယ်။

“၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်လာချိန်ကတည်းက မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီ တွေရဲ့အခန်းကဏ္ဍ အကြီးအကျယ်ပြောင်းလဲလာပြီး အရင်ကထက် ပိုပြီးတော့ အရေးပါလာပါတယ်။ ဒီအခြေအနေမှာ CPC နဲ့ မြန်မာနိုင်ငံက အဓိကပါတီတွေကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ အပြန်အလှန် ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ခဲ့ သလို ဆက်လက်ထိန်းသိမ်းထားပြီးတော့ တိုးတက်အောင် လုပ်ခဲ့ပါတယ်။”

မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးတွေထဲမှာ တရုတ်နိုင်ငံက အခုလို မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်နေပေမဲ့လဲ အိန္ဒိယနိုင်ငံကတော့ အဲဒီလို ထိတွေ့ဆက်ဆံတာမျိုး မရှိသလောက်ပါပဲ။ တခြားနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးမရှိရုံသာမက NLD လို အာဏာရပါတီနဲ့တောင်မှ ပါတီချင်း ထိတွေ့ဆက်ဆံတာမျိုး တရုတ်နိုင်ငံလို ရှိမနေသေးပါဘူး။ အိန္ဒိယမှာက လက်ရှိ တက်နေတဲ့အစိုးရက ချမှတ်တဲ့မူဝါဒနောက်ကိုပဲ လိုက်ပြီး လုပ်ကြတာများတယ်လို့ အိန္ဒိယမှာ နှစ်အတော်ကြာအခြေစိုက်ပြီး မြန်မာ့ဒီမိုကရေစီရေး လုပ်ဆောင်ခဲ့သူ၊ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“တက်နေတဲ့အစိုးရကလဲ ၁၉၉၃ လောက်ကစပြီးတော့၊ သူတို့အခေါ်ပေါ့နော်၊ လက်တွေ့ကျတဲ့ ဆက်ဆံမှုဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ သူ့နိုင်ငံရဲ့အကျိုးစီးပွားအရ လက်တွေ့ကျတဲ့ ဆက်ဆံမှုတွေ ပြောင်းမယ်ဆိုပြီးတော့ တက်နေတဲ့ စစ်အစိုးရနဲ့ အင်မတန်မှာ ပလူးပလဲလုပ်ပြီး ဆက်ဆံလာခဲ့ တယ်။ အဲဒီဆက်ဆံရေးကိုပဲ ကျန်တဲ့အဖွဲ့အစည်းတွေက၊ တော်တော်များများပေါ့၊ အကုန်တော့ မဟုတ်ပါဘူး၊ နိုင်ငံရေးပါတီတွေရော၊ ပညာရှင်တွေရော၊ မီဒီယာရောက ဒါမှန်တယ်လို့ သူတို့ လိုက်ခဲ့ကြတယ်။

“ဒါ့ကြောင့် အဓိကအထင်ကရ NLD ကိုတောင်မှ သူက အလေးတယူလုပ်တာ တော်တော် နည်း ခဲ့တော့ သူ့ရဲ့စဉ်းစားချက်ဟာ တရုတ်နိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားချက်နဲ့ မတူတဲ့လမ်းကြောင်းဘက် ရှိခဲ့တယ်လို့ပဲ ပြောရမှာပေါ့ခင်ဗျ။”

မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ ကာလတွေတုန်းကတော့ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ပဲ အဆက်အဆံရှိခဲ့ပြီး NLD ပါတီအပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လူသိရှင်ကြား ထိတွေ့ ဆက်ဆံတာမျိုး မရှိခဲ့ဘူးလို့ ပြောရမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ်အနိုင်ရပြီး ၂၀၁၆ ခုနှစ်မှာ အစိုးရသစ်ဖွဲ့ အုပ်ချုပ်လာတဲ့နောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီဟာ NLD ပါတီအပါအ၀င် တခြားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပိုပြီး ထိတွေ့ ဆက်ဆံလာနေတာပဲဖြစ်ပါတယ်။

XS
SM
MD
LG