သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ စီးပွားရေးနဲ့ စိမ်ခေါ်မှုများ


တရုတ်နိုင်ငံ စီးပွားရေးနဲ့ စိမ်ခေါ်မှုများ
တရုတ်နိုင်ငံ စီးပွားရေးနဲ့ စိမ်ခေါ်မှုများ

ဇွန်လ ၂၀၊ ၂၀၁၁-တရုတ်နိုင်ငံဟာ စီးပွားရေး သြဇာကြီးထွားလာနေပေမဲ့ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေး တဟုန်ထိုး တိုးတက်လာနေပေမဲ့ ရေရှည်ဖွံ့ဖြိုးမှုအတွက် အဟန့်အတားတွေလည်း ကြုံနေရပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေး အတောင့်တင်းဆုံးနိုင်ငံတခု ဖြစ်လာတဲ့အထိ ဖွံ့ဖြိုးမှုတွေ အားကောင်းလာနေပေမဲ့ ဒီအရှိန်အဟုန်တွေကို ထိန်းထားဖို့အတွက် အခက်အခဲတွေ ရှိမယ်လို့ ကျွမ်းကျင်သူ အကဲခတ်တွေက ခန့်မှန်းနေကြတာပါ။ အိမ်နီးချင်း မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှာလည်း ရင်းနှီးမြုပ်နှံမှုတွေကို တိုးချဲ့လုပ်ကိုင်နေပေမဲ့ တချိန်တည်းမှာ စိမ်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုတွေ အရှိန်အဟုန် ကောင်းလာနေပေမဲ့ အကျနာတဲ့ အဖြစ်မျိုးနဲ့ ကြုံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ အထိန်းအကွပ်တွေ မရှိခဲ့တာကြောင့် ဘဏ္ဍာရေးကဏ္ဍနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ သိသိသာသာ ပြဿနာတွေ ပေါ်ပေါက်လာချိန်မှာပဲ စီးပွားရေး အကဲခတ်တွေက သတိပေးလိုက်ကြတာပါ။ ဝါရှင်တန်မြို့တော်မှာရှိတဲ့ Peterson နိုင်ငံတကာ စီးပွားရေး တက္ကသိုလ်က အကြီးတန်း စီးပွားရေးပညာရှင် နစ်ကိုလတ်စ် လာဒီ (Nickolas Lardy) ကတော့ တရုတ်နိုင်ငံ အလယ်ပိုင်းမှာ မိုးခေါင်ရေရှားမှုတွေ၊ ကမ္ဘာနဲ့အဝန်း ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေအပေါ်မှာ အခြေခံပြီး ငွေကြေးဖောင်းပွမှု ပြဿနာတွေ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒီလိုပဲ အိမ်မြေ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမှုတွေ အကြီးအကျယ် လုပ်လာတွေဟာလည်း အဓိက ပြဿနာတခု ဖြစ်တယ်လို့ ဆိုခဲ့တာပါ။

လူတဦးချင်း ပျမ်းမျှဝင်ငွေရဲ့ ထက်ဝက် နီးပါးလောက်အထိ ရင်းနှီးမြုပ်နှံ လာတာဟာ အန္တာရာယ်ရှိတယ်လို့ စီးပွားရေးပညာရှင် လာဒီ ကမြင်ပါတယ်။
“တခြားဘယ်နိုင်ငံမှ မကြုံဖူးသေးတဲ့ အခြေအနေကို သူတို့ရောက်နေတာပါ။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ရင်းနှီးမြုပ်နှံမှုတွေဟာ ပျမ်းမျှ ၄၅% လောက်ရှိခဲ့သလို၊ မနှစ်တုန်းကဆို မကြံဖူးလောက်တဲ့ အဆင့်အထိ GDP ရဲ့ ၄၉% အထိ ရှိခဲ့ပါတယ်။ ဒါတွေဟာ ရေရှည်ခံမယ်လို့ ကျနော်ကတော့ မယူဆပါဘူး။ ရင်းနှီးမြုပ်နှံမှုတွေ လျော့လာတာက အကြီးအကျယ် စိမ်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ဒါဟာလဲ အိမ်မြေဈေးကွက်မှာ ကျဆင်းမှုတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။”

တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစလို့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေမှာ ပြင်ဆင်မှုတွေ လုပ်နေပေမဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၆% လောက်အထိ တက်လာနိုင်တဲ့ အခြေအနေတွေကို ဦးတည်နေပြီ လို့လည်း ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ ၂၀၀၈ ခုနှစ်ကစလို့ အမြင့်ဆုံးအဖြစ် မေလထဲမှာ ကုန်ဈေးနှုန်းတွေ ၅.၅% အထိ တက်လာပြီးတဲ့နောက် ဘဏ်တွေမှာ အရန်ငွေကြေးတွေ ပိုထားဖို့ တရုတ်ဗဟိုဘဏ်က ဇွန်လလယ်မှာ ညွှန်ကြားခဲ့ရတဲ့ အထိလည်း ဖြစ်ပါတယ်။ မရှေးမနှောင်း ထွက်ပေါ်လာတဲ့ တရုတ်နိုင်ငံ စာရင်းအင်းဗျူရိုရဲ့ မေလအတွက် ဆန်းစစ်ချက်မှာတော့ တရုတ်နိုင်ငံတဝန်း မြို့ကြီး ၇၀ အနက် ၆၇ မြို့က အိမ်ခန်းတွဲ အသစ်တွေရဲ့ ဈေးနှုန်းတွေဟာ တက်လာခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ဒီအထဲက ၃၃ မြို့မှာ အိုးအိမ်ဆောက်လုပ် စားရိတ်တွေဟာ ၅% တက်လာတာကိုလည်း လေ့လာချက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အိမ်ယာမြေ ဈေးကွက်မှာ အကုန်အကျခံ ရင်းနှီးမြုပ်နှံ လာနေကြပေမဲ့လည်း ရလဒ်အားဖြင့်ကတော့ သိပ်မကောင်းလှဘူးလို့ Peterson နိုင်ငံတကာ စီးပွားရေးတက္ကသိုလ်က ကျွမ်းကျင်သူ လာဒီ က ပြောပါတယ်။
“ဒီကာလအတွင်း ဘဏ်မှာငွေအပ်နှံမှုတွေဟာ အနှုတ်လက္ခဏာ ပြလာပါတယ်။ အိမ်မြေဈေးကွက်ထဲမှာ ငွေကြေး ဖောင်းပွမှုကတော့ တက်လာပြီး ၈% လောက်အထိ ရှိလာခဲ့တာပါ။ ဒီအတွက် ဘဏ်မှာအပ်ငွေတွေ ရောက်ရမယ့်အစား အိမ်မြေဈေးကွက်ထဲမှာ ပိုက်ဆံတွေ ရောက်ကုန်ပါတယ်။ ရလဒ်အဖြစ်နဲ့ကတော့ အိမ်ဟောင်းလောင်းတွေ ကျန်နေတာပဲ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ စစ်တမ်းအရဆိုရင် ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းမှာ ဘေဂျင်းမြို့တော်က အိမ်ထောင်စုတွေရဲ့ ၁၈% ဟာ အိမ် ၂ လုံးနဲ့ အထက် ပိုင်ဆိုင်လာကြတာပါ။”

တရုတ်ဝန်ကြီးချုပ် ဝန်ကျားဘောင် (Wen Jiabao) ကတော့ တိုင်းပြည်က ငွေကြေးဖောင်းပွမှု ပြဿနာ၊ အကျင့်ပျက် ခြစားမှုနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေဟာ အစိုးရရဲ့ အုပ်ချုပ်မှုအာဏာကို ရိုက်ခတ်နိုင်တယ်လို့ မတ်လထဲမှာတုန်းကပဲ အသိအမှတ်ပြု ပြောခဲ့တာပါ။ ဒါပေမဲ့လည်း အာရပ်ကမ္ဘာက အုံကြွမှုတွေကို ပုံတူကူးပြီး စံပယ်လှုပ်ရှားမှုလို့ ကင်ပွန်းတပ်ပြီး စုဝေးပွဲတွေလုပ်ဖို့ ရည်ရွယ်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တာကအစ၊ ဇွန်လထဲမှာပဲ ဂွမ်ဒေါင်းပြည်နယ်က လမ်းဘေးဈေးသည်တွေနဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတာ၊ ဒီအရင်လထဲ မွန်ဂိုလီးယား ဒေသမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာတွေလို စိမ်ခေါ်မှုတွေကလည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ရိုက်ခတ်လာမယ့် အန္တာရာယ်တွေ ရှိမယ်လို့ သတိပေးနေတာတွေ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်တဲ့ ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) ကလည်း တရုတ်နိုင်ငံမှာ ပြည်တွင်း ပြဿနာတွေ ရှိနေတာမို့ ကမ္ဘာ့အင်အားကြီးတိုင်းပြည် ဖြစ်လာဖို့ အလှမ်းဝေးနေဦးမယ်လို့ ကနေဒါနိုင်ငံက ဆွေးနွေးပွဲတခုအတွင်း ပြောခဲ့တာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုတွေနဲ့အညီ နိုင်ငံရေးကဏ္ဍမှာ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ့် ပြဿနာတွေနဲ့ ရှေ့လာမယ့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံဟာ နပမ်းလုံးနေရလိမ့်မယ်လို့ အမေရိကန် ဝါရင့်သံတမန်ဟောင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Canadian Press သတင်းစာက ရေးသားခဲ့ပါတယ်။

တကယ်တော့ ပြည်တွင်းမှာသာမက တရုတ်နိုင်ငံရဲ့ ပြည်ပရင်းနှီး မြုပ်နှံမှုတွေမှာလည်း ပြဿနာတွေ စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒေါ်လာသန်းပေါင်း ၁၂,၃၀၀ အထိ ရင်းနှီးမြုပ်နှံမှု အများဆုံး နေရာယူထားတာဖြစ်ပြီး၊ ဒီအထဲက အများစုဟာ တရုတ်နိုင်ငံကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခု တည်ဆောက်ရေး လုပ်ငန်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေရှိရာ ဒေသတခုဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတာလို့ အခြေအနေမျိုး ကြုံနေရတာပါ။

ဒီလို စိမ်ခေါ်မှုတွေ ကြားကပဲ အကျိုးအမြတ်တွေကို မြှော်ကိုးပြီး တရုတ်နိုင်ငံက စီးပွားရှာနေတာ ဖြစ်တယ်လို့ မြန်မာစီးပွားရေး ပညာရှင် ဦးစိန်ဋ္ဌေး ကတော့ သုံးသပ်ပါတယ်။
“သူ့ရဲ့နည်းက ထောင်မြင် ရာစွန့်တယ်ခင်ဗျ။ သူကလည်း အခုမှ ဖွံ့ဖြိုးတာ။ တိုးတက်ပြီး နိုင်ငံတွေဖြစ်တဲ့ ဥရောပက နိုင်ငံတွေတို့ အမေရိကတို့ကို သူယှဉ်လို့မရဘူး။ နည်းပညာအရဖြစ်စေ၊ ငွေကြေးဓနအရဖြစ်စေ၊ ယှဉ်လို့မရတော့ အဲဒီနိုင်ငံတွေကတော့ စီးပွားရေး တည်ငြိမ်တဲ့နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှု လုပ်တာကိုး။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံလို၊ အာရပ်ကမ္ဘာလို၊ အာဖရိကလို မတည်ငြိမ်တဲ့ နိုင်ငံတွေကို မျက်စပစ်မှ၊ ခြေလှမ်းစမှ အကျိုးစီးပွားက ရနိုင်တာကိုး။ ဒါ့ကြောင့် တရုတ်က ကျင့်ဝတ်နဲ့အညီ လုပ်တာမရှိဘူးဆိုပြီး သူ့ကိုပြောတာ။ ကျနော်တို့ ပြည်သူကတော့ အကျိုးစီးပွား မရဘူး၊ မရတဲ့အပြင် အခု ကချင်ပြည်နယ်မှာဆို ပြဿနာတက်နေပြီ။”

မြန်မာအစိုးရရဲ့ ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူစဉ်ကစလို့ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် မေလထဲမှာ သမ္မတ ဦးသိန်းစိန် သွားရောက်ခဲ့ရာမှာတော့ ဒေါ်လာ ၇၆၅ သန်းကျော် တန်ဘိုးရှိတဲ့ ငွေချေးငှားဖို့နဲ့ အကြွေးပေးဖို့ အစီအစဉ်တွေ အပါအဝင် တခြားစီးပွားရေး လုပ်ငန်း အများအပြားအတွက် တရုတ်နိုင်ငံက သဘောတူခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ တရားဝင် စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာလည်း ၅၃.၂% တိုးပြီး သန်းပေါင်း ၄,၄၄၀ အထိရှိခဲ့တာမို့ ကုန်သွယ်မှုမှာ ဒုတိယ အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။

တရားဝင် ကိန်းဂဏန်းတွေအရ လတ်တလော မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီပေါင်းဟာဆိုရင် ၁၇၀ အထိ ရှိနေပါပြီ။ ဒီလိုပဲ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနယ်ပြည်နယ်ကလည်း မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်သွယ်မှုတွေ တိုးချဲ့နိုင်ဖို့ ရည်ရွယ်ပြီး အထူးစီးပွားရေး ဇုန်နယ်မြေတခု ထူထောင်သွားဖို့ ပြင်ဆင်နေတာမို့ စိမ်ခေါ်မှုတွေ ရှိနေတဲ့ကြားကပဲ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးတွေ ပိုလို့သာ တိုးချဲ့လာမယ့် အခြေအနေတွေကိုတော့ သိသိသာသာ တွေ့မြင်နေရတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG