သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာ ဒု-အကြိမ်ဆွေးနွေးပွဲ ၃၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မည်


တရုတ်နိုင်ငံ သမ္မတ Xi Jinping (မတ်၊ ၁၂၊ ၂၀၁၉)
တရုတ်နိုင်ငံ သမ္မတ Xi Jinping (မတ်၊ ၁၂၊ ၂၀၁၉)

တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမကြီး ဖောက်လုပ်မှုဆိုင်ရာ BRI Forum ဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၅ ကနေ ၂၇ ရက်အထိကျင်းပမယ့် BRI ဆွေးနွေးပွဲတွေမှာ တရုတ်သမ္မတ Xi Jinping က ၂၆ ရက်နေ့ ကျရင် ဖွင့်ပွဲမိန့်ခွန်း ပြောကြားမှာဖြစ်ပြီး တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ၂၇ ရက်နေ့မှာ ထိပ်သီးဆွေးနွေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံကနေ အာရှ၊ ဥရောပ၊ အာဖရိကတိုက်နိုင်ငံတွေကို ဆက်သွယ်ကွန်ယက်ဖြန့်နေတဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအတွင်း နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။

ခါးပါတ်လမ်းစီးမံကိန်းတွေကနေ အကျိုးအမြတ်တွေကို အားလုံးမျှဝေ ခံစားနိုင်ဖို့ နိုင်ငံစုံပါဝင်ရေးနဲ့ စီးပွားရေးဈေးကွက်တွေ ပိုပြီး ဖွင့်ပေးရေးကိစ္စတွေနဲ့ ပါတ်သက်ပြီး ဘုံသဘောတူညီချက်ရရှိဖို့ ဆွေးနွေးလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောပါတယ်။

အခုနှစ် BRI Forum ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်မှာဖြစ်ပြီး ဒါဟာ ဘာမှမထူးခြားဘူးလို့လည်း သူကဆိုခဲ့ပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုက အငယ်တန်း အစိုးရကိုယ်စားလှယ်တွေကိုပဲ စေလွှတ်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အပြောအရ နိုင်ငံပေါင်း ၁၅၀ ကျော်က ဆွေးနွေးပွဲကို ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိပြီး ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံ သွားမယ်လို မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG