သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမ စီမံကိန်း နိုင်ငံစုံ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုမြင့်တင်ပေးနိုင်


ဘေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ သမ္မတ Xi တက်ရောက်လာစဉ်
ဘေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ သမ္မတ Xi တက်ရောက်လာစဉ်

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းကြီးလို့ခေါ်တဲ့ ခါးပတ်လမ်းစီမံကိန်းဟာ ပါဝင်သူနိုင်ငံပေါင်းစုံက စီးပွါးရေးနဲ့ ကုန်သွယ်ရေးတွေဖွံ့ဖြိုးတိုးတက်လာစေမယ့်အပြင် ယဉ်ကျေးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ကနဦးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုပြီး နိုင်ငံအတော်များများက နိုင်ငံရေး ကိုယ်စားလှယ်တွေသဘောတူညီလိုက်ကြပါတယ်။ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ခုလိုသဘောတူညီလိုက်တာပါ။ အပြည့်အစုံကိုတော့ ရိုက်တာ သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဘီကျင်းမြို့တော်မှာကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ CPC နဲ့နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ဒေသပေါင်းစုံက ကိုယ်စားလှယ်တွေက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မနေ့ စနေနေ့က မျှဝေခဲ့တာဖြစ်ပါတယ်။ ညီလာခံတက်ရောက်လာသူတွေဟာ မြေထဲပင်လယ်ဒေသ၊ ဖိလစ်ပိုင် နဲ့ အန္တလန်တိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလို နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံက National Party အဖွဲ့ဝင် Todd McClaay က ခါးပတ်လမ်းစီမံကိန်းနဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

"ခါးပတ်လမ်းစီမံကိန်းဟာ နိုင်ငံတိုင်းအတွက်ဘာအဓိပါယ်ဆောင်သလဲဆိုတာလာရောက်ဆွေးနွေးဖို့ တကယ့်အခွင့်အလမ်းတခုဖြစ်ပါတယ်။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ အချိန်ကောင်းလဲဖြစ်ပါတယ်။ ဒီခါးပတ်လမ်းတလျောက် နယူးဇီလန်ရဲ့ အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းတွေကိုစတင်နိုင်မှာပြီး တရုတ်နိုင်ငံကတဆင့် ဥရောပထိလုပ်ငန်းတွေ တိုးချဲ့ချိတ်ဆက် လုပ်ကိုင်သွားနိုင်မယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။ဒီစီမံကိန်း ကောင်းကောင်းအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ ကြားခံအတားအဆီးတွေကို လျော့ချပြီး အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နိုင်မယ့် အခွင့်အလမ်းဖြစ်တဲ့ အပြင် လူ-လူချင်း ချိတ်ဆက်လုပ်ကိုင်နိုင်မယ့် အခွင့်အခါကောင်းလည်း ဖြစ်ပါတယ်။"

တရုတ်တို့ရဲ့ ခါးပတ်လမ်စီမံကိန်းဟာ ဒေသတွင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက် အကျိုးအမြတ်အများကြီးရလာစေလိမ့်မယ်ဆိုပြီးထိပ်သီးညီလာခံမှာ ကတိပြုပြောဆိုထားတာပါ။ဆိုက်ပရပ် ဒီမိုကရက်တစ် ပါတီက လွှတ်တော်ဥက္ကဌNicos Tornaritis ကလည်းခုလို ထောက်ခံစကားပြောပါတယ်။

"ဒီစီမံကိန်းကို ကျနော်တို့ အားပေးထောက်ခံပါတယ်။ ဒါက သိပ်ကောင်းတဲ့လုပ်ဆောင်ချက်ပြီးပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အရင်ကတည်းကကြားနေရတဲ့ဒီစီမံကိန်းထဲမှာလည်း ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ဒီညီလာခံမှာ ကမ္ဘာတဝှမ်းကနိုင်ငံအတော်များများ အတူတကွတက်ရောက်လာပြီး လူတွေအတွက်ရော ကိုယ့်တိုင်းသူပြည်သားတွေ ကောင်းစားရေးအတွက်ပါ ပြောဆိုဆွေးနွေးတာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။"

အလွှာအသီးသီးက လူတန်းစားပေါင်းစုံဆီကို ပိုးလမ်းမကြီး စီမံကိန်းရဲ့ အကျိုးအမြတ်တွေ ရောက်နိုင်ဖို့အတွက်ဆိုရင်တော့ လူတိုင်းပါဝင်နိုင်မယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ အပြန်အလှန် ထားရှိဖို့လိုတယ်လို့ အချို့ နိုင်ငံရေးသမားတွေက ပြောကြပါတယ်။ ဖိလစ်ပိုင် အောက်လွှတ်တော်အမတ်ဟောင်း Harry Angping ကတော့

"နိုင်ငံရေးပါတီတွေဘက်က အမြင့်ဆုံးအဆင့်ကနေ အနိမ့်ဆုံးအဆင့်ထိ အလွှာအသီးသီးကလူတွေ အပြန်အလှန်ဆက်သွယ်နိုင်မယ့်လမ်းကြောင်းတွေ စီစဉ်ထားမယ်ဆိုရင် ပါတီဘက် ကနေ ကျေးလက်လူထုဆီပေးချင်တဲ့သတင်းစကားတွေ အမှန် တကယ်ရောက်သွားမှာပါ။ ကျေးလက်ဒေသကလူတွေ ပူပေါင်းပါဝင်မှုမရှိရင် ကျနော်တို့ ရှေ့ဆက်တိုးပြီး လုပ်ကိုင်လို့မရပါဘူး။"

ခေတ်သစ်ပိုးလမ်းမကြီး ခေါ် ခါးပတ်လမ်းစီမံကိန်းကိုစတင်လိုက် တဲ့တရုတ်နိုင်ငံရဲ့အောင်မြင်မှုတွေကို မြင်တွေ့ခဲ့ရပြီးဆိုပြီး ထောက်ခံပြောကြားလာသူ ကတော့ လွတ်လပ်သော Guinea and Cape Verde အာဖရိကန် ပါတီပြောခွင့်ရ Domingos Simoes Pereira ဖြစ်ပါတယ်။

"အောင်မြင်မှုတွေက သူ့ဘာသာစကားပြောလာပါလိမ့်မယ်။တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ကျနော်တို့ မျက်မြင်တွေ့နေရပါတယ်။ နောက်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ အယူအဆတွေကို ဒီကနေ့ ချပြနေတာပါ။ ဒါကြောင့်ဒါဟာသိပ်ကောင်းတဲ့အထောက်အကူကြီးလည်းဖြစ်ပါတယ်။ "

ဒီညီလာခံကို ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့ထိကျင်းပနေတာပါ။ ညီလာခံမှာ ခါးပတ်လမ်းစီမံကိန်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို တပြိုင်ထဲဆွေးနွေးနေတာဖြစ်ပြီး ဖွင့်ပွဲမှာ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG