သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုမိုနီးကပ်လာသော တရုတ်- မြန်မာဆက်ဆံရေး


ကျောက်ဖြူ၊ ရခိုင်ပြည်နယ်
ကျောက်ဖြူ၊ ရခိုင်ပြည်နယ်
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ဝေဖန်ရှုတ်ချ ရှောင်ကျဉ်ဖို့ ကြိုးစားနေကြချိန်မှာ တရုတ်နိုင်ငံကတော့ ဆက်ဆံရေး ပိုမိုကောင်းသထက်ကောင်းအောင် လုပ်ဆောင်လာနေပါတယ်။ ဒီအချိန်မှာ ဘာတွေသတိထားသလဲ။ တရုတ်သြဇာစက်ကွင်းထဲ လုံးလုံးကျရောက်သွားနိုင်သလား ဆိုတာကို သသင်းစာဆရာကြီး ဦးကျော်ရင်မြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ရင်မြင့် ။ ။ အရင်တုန်းက မြန်မာက တရုတ်ကို ဆက်ဆံတဲ့နေရာမှာ ဒီမိုကရေစီသမားတွေက သတိလေးနဲ့ ထိန်းပြီးတော့ ဆက်ဆံခဲ့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ရခိုင်ကိစ္စ ပေါ်လာတဲ့အချိန်မှာ အနောက်နိုင်ငံတွေက ကျနော်တို့ အာရှလူတွေလောက် ဒီအခြေအနေပေါ် နားမလည်ဘဲနဲ့ ဝိုင်းပြီးတော့ တွန်းပို့လိုက်တဲ့အခါမှာ မြန်မာကို တရုတ်ဘက်ကို တွန်းချလိုက်သလိုပဲ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ဆရာပြောသလို မြန်မာတွေဟာ တရုတ်နဲ့ ဆက်ဆံရာမှာကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ခဲ့တယ်။ သိပ်စိတ်မချဘူး။ မလွှဲသာလို့ ဆက်ဆံကြတဲ့ သဘောရှိတယ်။ အဲဒီစိတ်ဓါတ်တွေ ဗမာတွေရဲ့ ရင်ထဲမှာ ပျောက်သွားအောင် တကယ်ရင်းရင်းနှီးနှီးနဲ့ အားကိုးချင်စိတ်ပေါက်လာအောင် တရုတ်ဘက်က ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ခဲ့ကြပြီ။ ပြန်ပြင်ခဲ့ကြပြီလို့ ဆရာ ထင်သလား။ ဥပမာ သဘာဝပတ်ဝန်းကျင် ..

ဦးကျော်ရင်မြင့် ။ တရုတ်တို့ဘက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပါအဝင် တော်တော်လေး ပါးပါးနပ်နပ်နဲ့ ပြင်ဆင်လာတယ်လို့ ကျနော် မြင်ပါတယ်။ One Belt One Road ကလည်း သိပ်မကြာခင်မှာ ကမ္ဘာကြီးကို တရုတ်ကြိုးနဲ့ ချည်းဖို့အတွက်၊ ခါးပတ်ကြီးနဲ့ ပတ်ဖို့အတွက်က ကျနော်တို့ မြန်မာနိုင်ငံကလည်း သိပ်အရေးကြီးတဲ့ လမ်းကြောင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတော့ သူတို့ ပါးပါးနပ်နပ်နဲ့ မြန်မာကို စည်းရုံးနဲ့စိတ်နဲ့ ဆွဲဆောင်တယ်လို့ ကျနော် မြင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ One Belt One Road ကို OBOR လို့ပဲ ခေါ်ကြတာပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယဘက်က စပြီးတော့ပြောတယ် တရုတ်နဲ့ မြန်မာတို့၊ ဘင်္ဂလားဒေ့ရှ်တို့က လက်ခံပြီး လုပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တရုတ်ပြည်ဘက်က အပေါစား Quality ညံ့ဖျင်းတဲ့ ပစ္စည်းတွေသာ ဝင်လာမယ်။ မြန်မာဘက်ကတော့ သဘာဝသယံဇာတ အဖိုးတန်ပစ္စည်းတွေ ကုန်လိမ့်မယ်။ အဲဒီအတွက် ပိုပြီးတော့ လမ်းပွင့်သွားစရာသာရှိတယ်လို့ အိန္ဒိယဘက်က ထောက်ပြပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ အပြိုင်အဆိုင် ဖြစ်နေလို့မို့ ဒီစကားပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီအထဲမှာ မှန်ကန်မှုကော မရှိဘူးလား။ တစိတ်တဒေသ မှန်တယ်လို့ မပြောနိုင်ဘူးလား။

ဦးကျော်ရင်မြင့် ။ ။ အိန္ဒိယပြောတာ တအားနောက်ကျတယ်။ တရုတ်ပစ္စည်း အပေါစားတွေနဲ့ ကျနော်တို့က အမှိုက်ပုံကြီး ဖြစ်နေတာ။ သူတို့ဘက်က စမ်းသပ်ပြီးတော့ ရောင်းချတဲ့ပစ္စည်းတွေ ကျနော်တို့ဆီမှာ အများကြီး ရောက်သွားပြီ။ နောက်တခါ သယံဇာတဆိုတာလည်း တော်တော်လေး ကုန်သလောက်နီးပါး ဖြစ်သွားပြီ။ အိန္ဒိယပြောတာ သိပ်နောက်ကျသွားပါပြီ။ One Belt One Road ကြောင့်တော့ မဟုတ်ပါဘူး။ အရင်ကတည်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွင့်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီကိစ္စတွေက ပြီးသွားခဲ့ပါပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ OBOR ကြောင့် ပိုပြီးတော့ ပွင့်မသွားနိုင်ဘူးလား။ ပိုပြီးတော့ ဆိုးသထက် ဆိုးမလာနိုင်ဘူးလား။ အဲဒီ တချက်ပါ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ အကောင်းမြင်တဲ့ဘက်မှာ ရှိတယ်။ ပိုပြီးတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားမယ်။ ကူးလူးဆက်ဆံရေးတွေ ပိုများသွားမယ်ဆိုရင်တော့ နဂိုကလည်း တရားမဝင် ခိုးကြောင်ခိုးဝှက် - ခိုးကြောင်ခိုးဝှက်တွေသာပြောတာ - တိုးလျှိုပေါက် သွားချင်သလိုသွား၊ ထွက်ချင်သလိုထွက် စီးပွားကူးသန်းနေတယ်ဆိုတော့ OBOF ကြောင့်တော့ သိပ်ပြီးတော့ ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ OBOR ကို ပိုကောင်းလာစေမယ်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ လူတွေက အနောက်တခံခါးကိစ္စကို သိပ်ပြီးတော့ အပြင်းအထန် ပြောနေကြတယ်။ ဒါက အန္တရာယ်ရှိတယ်။ အရှေ့တံခါးလည်း ပွင့်နေတာ အတော်ကြာနေပြီ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေ အလုံအလောက် သတိထားမိကြပါရဲ့လား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်အမြင် သတိထားမိတယ် မထင်ပါဘူး။ တရုတ်က အင်မတန်မှ ပါးနပ်ပါတယ်။ ဆက်ဆံရေးလည်း အင်မတန်ကောင်းတယ်။ ကျနော်က မန္တလေးကဆိုတော့ မန္တလေးစကားပဲ ပြောပါရစေတော့ ... တရုတ်အန္တရာယ် ဘာညာဆိုပြီးတော့ ရေးခဲ့ကြ၊ သတိပေးခဲ့ကြနဲ့ သံချောင်းခေါက်ခဲ့ကြတာလည်း ပြီးသွားပါပြီ။ တရုတ်ပြည်က အင်မတန်မှ ပါးနပ်ပါတယ် - ရောတာနှောတာ၊ ပေါင်းတာသင်းတာ အကုန်လုံး လိမ္မာတဲ့အတွက်ကြောင့်မို့ မြန်မာထဲမှာ စိမ့်ဝင်ပျံ့နှံ့မှုက တော်တော်ကို အမြစ်တွယ်သွားပြီ။ ၉၀ နောက်ပိုင်းမှာ တော်တော်ကို အမြစ်တွယ်သွားပါပြီ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သူတို့ရဲ့ ပါးနပ်လိမ္မာမှုကြောင့် စီးပွားရေးကို သူတို့ ထိုးဖောက်လာနိုင်တယ်။ လူမှုရေးဆက်ဆံရေး ကောင်းလာတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပါးနပ်လိမ္မာလွန်တယ်လို့ ပြောရလေမလား။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ တရုတ်ဟာ နယ်စပ်ဒေသ အဓိက သူတို့ရဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအင်အားစုတွေထဲမှာ ညာလက်ရုံးလို အားကိုးရတဲ့ ‘ဝ’ တပ်ဖွဲ့ UWSA က တဆင့် မြောက်ပိုင်းမှာ အဖွဲ့တွေဖွဲ့ပြီးတော့ စည်းရုံးထားတယ်။ ဒီကိစ္စမှာကော တရုတ်က မြန်မာနိုင်ငံအပေါ် leverage အလျှော့အတင်းလုပ်ပြီးတော့ ကစားနေတာ - ဒီကိစ္စမှာကော တရုတ်တို့ သူတို့ အကျိုးအတွက် ပါးနပ်လွန်နေလား။

ဦးကျော်ရင်မြင့် ။ ။ ပါးနပ်တာပေါ့။ တရုတ်က အခုမှ မဟုတ်ပါဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကတည်းကအစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို ဆက်ဆံပြီး လိုရင်လိုသလို အသုံးချနိုင်မယ့် ဗျူဟာတွေ ရှိပါတယ်။ ဒါတွေနဲ့ပဲ အခုလဲအဲဒီအတိုင်း ကျင့်သုံးနေတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာပြည်တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေး မရဘူးပေါ့။ သူတို့က အဲဒီလို သူတို့အကျိုးအတွက် သူတို့ ကစားနေတဲ့အတွက်ကြောင့်…

ဦးကျော်ရင်မြင့် ။ ။ ပြောရင်တော့ သူတို့ရဲ့ အကျိုးအတွက် အကျိုးမရှိဘူးဆိုရင်တော့ ငြိမ်းချမ်းရေးက လုပ်ရတာ ခက်အုံးမယ်။ ဒါပေမဲ့ OBOR က ငြိမ်းချမ်းရေးနဲ့လည်း ဆိုင်လိမ့်မယ်ထင်တယ်။ သူ့ရဲ့ OBOR အောင်မြင်ဖို့လို့အတွက်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့တော့ လိုလိမ့်မယ်။ မြန်မာနိုင်ငံ မငြိမ်းချမ်းဘဲနဲ့ OBOR လုပ်ချင်လို့ သိပ်အဆင်မပြေလောက်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ UWSA ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ - ‘ဝ’တပ်ဖွဲ့ ဦးဆောင်ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေ အများကြီးပါဝင်တယ်။ အင်မတန် အင်အားကောင်းတဲ့ အဖွဲ့တွေ။ အဓိကကျတဲ့ အင်အားတွေ။ ဒီအဖွဲ့တွေရဲ့ နောက်ကွယ်မှာ တရုတ်က ရပ်တည်နေတယ်။ ဥပမာ NCA ကို လက်မှတ်မထိုးဘဲနဲ့ သီးခြားလမ်းစဉ် တင်တာတို့ - အကုန်လုံး တရုတ်ရဲ့ လမ်းစဉ်၊ သြဇာ၊ တရုတ်ပြောလို့ဆိုပြီး ပြောနေကြတယ်။ အဲဒီတော့ တရုတ်က ဘာဖြစ်လို့ ဒီငြိမ်းချမ်းရေးကို ဖြစ်အောင် မလုပ်နိုင်တာလဲ။ လူတွေက အများကြီး မေးခွန်းထုတ်ကြပါတယ်။

ဦးကျော်ရင်မြင့် ။ ။ မလုပ်ချင်သေးလို့လို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ ဒါဟာ မြန်မာနိုင်ငံ အစိုးရအပေါ်မှာ သူတို့ အလျှော့အတင်း လုပ်ပြီးတော့ ကစားချင်သလို ကစားလို့ရအောင်။ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အတင်းလိုချင်တဲ့အချက်ကို မလိုက်နာဘူးဆိုရင် ဒီတိုင်းရင်းသားတွေက ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတော့ လုံးဝ သူတို့ရဲ့ အလိုအတိုင်း လိုက်နာနိုင်အောင် အလျှော့အတင်းလုပ်ပြီးတော့ ကစားတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာလုပ်သင့်သလဲ။ ဆက်လက်ပြီးတော့ မလွှဲသာ၊ မချစ်သော်လဲ အောင့်ကာနမ်းနေရမလား။

ဦးကျော်ရင်မြင့် ။ ။ အခြေအနေကတော့ ကင်းလို့မရဘူးဆိုတဲ့ အခြေအနေလို့ အဲဒီလို မြင်တယ်။ ဆရာလည်း ဖတ်ရမှာပါ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို သွားတုန်းက China Daily မှာ ရေးထားတာ ဖတ်လိုက်ရတယ်။ တရုတ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်သလို၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း သုံးနှုန်းထားတာကို တွေ့လိုက်တယ်။ အဲဒီအသုံးအနှုန်းကို ကျနော်စိတ်ထဲမှာ ဆန်းပြားတယ်။

ဦးကျော်ဇံသာ ။ ။ ဆန်းပြားရုံပဲလား။ ဘဝင်မကျကော မဖြစ်မိဘူးလား - အဲဒီ အသုံးအနှုန်းအတွက်။

ဦးကျော်ရင်မြင့် ။ ။ ရယ်နေတာပဲ ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်သာ အဲဒီလို သူတို့ရဲ့ တာဝန်ရှိတဲ့ နိုင်ငံ - မြန်မာပြည်အပေါ်မှာ။ Big brother လုပ်မယ်ဆိုရင်တော့ ကျေနပ်စရာလား။ မြန်မာနိုင်ငံသား တော်တော်များများက ဒါကို လက်ခံနိုင်မလား။

ဦးကျော်ရင်မြင့် ။ ။ အခုနတုန်းကလိုပဲ ကျနော် ရယ်နေတုန်းပါ။ မဝေဖန်တော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးပိုင်းမှာ မေးဖို့ တခု ကျန်ခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ သူတို့ ကျောက်ဖြူဘက်မှာ လုပ်နေတဲ့ အထူးစီးပွားရေးဇုန်တို့ ဘာတို့ဆိုတာ ဒေါ်လာ သန်းထောင်နဲ့ချီပြီးတော့ လုပ်မယ့် Project တွေ ဖြစ်ပါတယ်။ ဒါပေမဲ အဲဒါနဲ့ ပတ်သက်ပြီးတော့ နမူနာတခု သတိထားမိလား မသိဘူး။ သီရိလင်္ကာမှာလည်း အဲဒါမျိုးတွေလုပ်တာ ရှိတယ်။ အဲဒီ စီမံကိန်းကြီးက မြို့သာပြီးသွားတယ် တရုတ်က ဖဲဝိုင်းထိုးသလိုပဲ ငါတို့က (၇၅) ရာခိုင်နှုန်း စိုက်မယ်။ (၄) ဘီလီယံ ဆိုကြပါစို့ - မင်းတို့က (၂၅) ရာခိုင်နှုန်း စိုက်ပါဆိုပြီးတော့ (၁) ဘီလီယံ ထုတ်ချေးတယ်။ ချေးပြီးတော့ အဲဒီ Project က ပြီးသွားပြီ။ ပြီးသွားတော့ သူတို့ ထင်တဲ့အတိုင်း ဘာမှ ဖြစ်မလာဘူး။ နိုင်ငံတကာ လေဆိပ်ထားတယ်။ တနေ့မှာမှ ခရီးသည် တစ်ဆယ်နှစ်ဆယ်လောက်ပဲ ဝင်တယ်။ သူတို့က ကမ္ဘာပေါ်မှာ တကယ့် Hub ဖြစ်မယ်ထင်တာ ဘယ်သူမှ ရောက်မလာတော့ ဖဲဝိုင်းမှာ ထိုးသလိုပေါ့ - ဒိုင်လူကြီးဆီက ပိုက်ဆံချေးပြီးတော့ထိုးတယ် - အကြွေသာ ထပ်တင်တဲ့သဘောမျိုး ကြုံရတယ်။ အဲဒါ သီရိလင်္ကာကိစ္စမှာ ဝေဖန်ရေးသားသုံးသပ်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်ဖြူစီမံကိန်းလည်း မစားရဝမခမ်း လုပ်နေတာ၊ အဲဒီလို ဖြစ်လာနိုင်မယ့် အန္တရာယ်ကော မရှိဘူးလား။ လုံးဝအကောင်းဖြစ်လာနိုင်မယ်လို့ မျှော်လင့်နိုင်လား။

ဦးကျော်ရင်မြင့် ။ ။ ဒါပေမဲ့ ကျောက်ဖြူက တရုတ်အတွက် အရေးကြီးတဲ့ ပင်လယ်ထွက်ပေါက်တခု ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီလမ်းကိုတော့ ပိုပြီးကောင်းအောင်၊ ပိုပြီးသာယာအောင် လုပ်ခြင်းအားဖြင့် သူ့အတွက် အကျိုးအများကြီးရှိတယ်။ အကျိုးအများကြီး ရှိတဲ့အတွက် သီရိလင်္ကာနဲ့ နှိုင်းယှဉ်ရင်တော့ ကျောက်ဖြူစီမံကိန်းက ပိုပြီးတော့ အကောင်အထည် ပေါ်နိုင်စရာ အလားအလာ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်အတွက်တော့ ပိုကောင်းအောင်လုပ်မယ်။ မြန်မာနိုင်ငံရဲ့ သူတို့ပင်လယ်ထွက်ပေါက် လိုချင်လို့ မြန်မာကို ဖြတ်ပြီးတော့ဆိုတာ ဟုတ်တယ်ဆိုရင် မြန်မာအတွက်ကော အကျိုးရှိမလား။ အခု ကျောက်ဖြူဒေသခံတွေနဲ့ ငြိ့ကြတာကလဲ သူတို့အလုပ်သမားကို ထမင်းချက်ကအစ ဟိုကခေါ်လာတယ်ဆိုတော့ ဒီကလူတွေက အမှိုက်သိမ်းတဲ့ အလုပ်လောက်ပဲ လုပ်နေရတယ်ဆိုတဲ့ ညီးတွားသံတွေလည်း အမြဲကြားရပါတယ်။ တခြားမြန်မာနိုင်ငံမှာလုပ်တဲ့ တရုတ်စီးပွားရေးတွေကိုလည်း အဲဒီလိုပဲ ပြောကြတယ်။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ Xi Jinping ကို နည်းနည်းလေး အထင်ကြီးတယ်။ သူ အဲဒီလို မှားယွင်းတဲ့ ပေါ်လစီတွေကို ပြင်လိမ့်မယ်ထင်တယ်။ အခုက တရုတ်ရဲ့ ဆက်ဆံရေး ရိုင်းပြမှု။ အခုန လာလုပ်တဲ့ စီမံကိန်း အကောင်အထည်ဖော်သူတွေရဲ့ ရိုင်းပြမှု။ အဲဒါရယ် အလုပ်သမားအစ ခေါ်လာမှု။ အဲဒီလို ကိစ္စတွေကြောင့် Tension တွေ ရှိနေတာ။ သူတို့ ပါးပါးနပ်နပ်၊ စီးပွားရေး လည်လည်ပတ်ပတ်နဲ့ ပေါင်းတတ်၊ သင်းတတ်၊ လုပ်တတ်သွားရင်တော့ အဲဒီလို ဒေသခံနဲ့ဖြစ်တဲ့ ပြဿနာလည်း နည်းသွားပြီးတော့ တရုတ်ကတော့ အကျိုးတော့ အများကြီးရသွားပေမယ့် အဲဒီလို အဖုအထစ်တွေပြေအောင် နောက်ပိုင်းမှာ ဗျူဟာသုံးလိမ့်မယ်လို့ အဲဒီလို ထင်ထားတယ်။

XS
SM
MD
LG