သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံကို လူကုန်ကူးစာရင်းမှာ အဆိုးဆုံးအဆင့်သတ်မှတ်ဖို့ ကန် ပြင်ဆင်


တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေ အဆိုးရွားဆုံး ကျူးလွန်နေတဲ့ နိုင်ငံအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် ပြစ်တင် ရှုတ်ချလေ့ရှိတဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေနဲ့ တန်းတူ အခွင့်အရေး ချိုးဖောက်တဲ့ တိုင်းပြည်တခုအဖြစ် တရုတ်နိုင်ငံကိုလည်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အခုသတ်မှတ်ချက်ကိုတော့ ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်မှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးဖို့ သမ္မတ Donald Trump က သမ္မတ Xi Jinping ရဲ့ အကူအညီကို တောင်းခံနေတဲ့အချိန်နဲ့လည်း တိုက်ဆိုက်နေတာကြောင့် အမေရိကန်နဲ့ တရုတ်အစိုးရတို့အကြားက တင်းမာမှုတွေကို ပိုမို ဆိုးရွားသွားစေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကူညီ ဆောင်ရွက်ပေးနေတာကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် အလုပ်မဖြစ်ကြောင်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် ရေးသားလိုက်ပါတယ်။

နိုင်ငံပေါင်း ၁၈၀ ကျော်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ လူမှောင်ခိုကူးမှု အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံကို အဆင့်နိမ့် သတ်မှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီး Tillerson အနေနဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်လိုက်တယ်ဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာထဲမှာတော့ တရုတ်နိုင်ငံက တိုးတက်မှုတွေ ရှိအောင် လုပ်ဆောင်နေတဲ့ ကြားကပဲ - တရုတ်းအစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ အဓမ္မ ခိုင်းစေမှုတွေ လျော့ကျအောင် လုပ်ဆောင်ခြင်း မရှိသလို လူမှောင်ခိုကူးမှုမှာလည်း အနိမ့်ဆုံး လိုအပ်ချက်တွေ ပြည့်မှီအောင် တရုတ်အစိုးရအနေနဲ့ လုပ်ဆောင်ခြင်း မရှိဘူးလို့ ရေးသား ဖော်ပြထားပါတယ်။

အခုထုတ်ပြန်မယ့် ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ လူမှောင်ခိုကူးမှုနဲ့ အဓမ္မခိုင်းစေမှုတွေကို အချိုးဖောက်ဆုံး၊ Tier 3 အဆင့်ဖြစ်တဲ့ အနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ် သတ်မှတ်မှာဖြစ်ကြောင်း အစီရင်ခံစာအကြောင်း သိရှိထားသူ အရာရှိတွေက ပြောပါတယ်။ မနှစ် ၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံကို Tier 2 စောင့်ကြည့် နိုင်ငံစာရင်းမှာ ထည့်သွင်း ဖော်ပြထားပြီး အဲဒီ အဆင့်ဟာ အသေအချာ စောင့်ကြည့်ခံရမယ့် နိုင်ငံစာရင်းလည်း ဖြစ်ပါတယ်။

Tier 3 အဆင့် သတ်မှတ်ခံရတဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွေ လုပ်ဆောင်ခွင့် ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။ ဒါပေမယ့်လည်း အရင်က ဒီ Tier 3 အဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေကို ကင်းလွတ်ခွင့် ပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ဘူးတာကြောင့် သမ္မတ Trump ကလည်း အဲဒီနည်းအတိုင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG