သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကလေးငယ်တချို့ လူကုန်ကူးခံရ


 ရိုဟင်ဂျာကလေးငယ်တွေ
ရိုဟင်ဂျာကလေးငယ်တွေ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ ရိုဟင်ဂျာကလေးငယ်တွေ ပျောက်ပျောက်သွားတဲ့အတွက် လူကုန်ကူးသူတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်မားနေပါတယ်။

January လထဲက ပျောက်ဆုံးသွားတဲ့ ကလေး ၁၆ ယောက်ကို မှတ်တမ်းတင်ထားတယ်လို့ မြန်မာနိုင်ငံကနေရောက်လာတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ Action Against Hunger ဆိုတဲ့ NGO အဖဲ့ွက ပြောပါတယ်။ လွန်ခဲ့တဲ့ ၇ လအတွင်း မြန်မာနိုင်ငံကရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်လာခဲ့ကြပြီး အသစ်ရောက်လာတဲ့ထဲက ကလေးငယ်တွေကို အမြတ်ထုတ်လိုသူတွေက ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခြေ ပိုများတယ်လို့ အဖွဲ့ရဲ့ ဘင်္ဂလားဒေရှ့်ဆိုင်ရာဌာနေကိုယ်စားလှယ် Nipin Gangadharan က ပြောပါတယ်။

Cox’s Bazar ဒေသတလွှားမှာ ခိုင်မာတဲ့ လူကုန်ကူးကွန်ယက်ကြီးရှိပြီး ရိုဟင်ဂျာတွေရော ဘင်္ဂလားဒေရှ့်တွေကိုပါ လူကုန်ကူးနိုင်ဖို့ ပစ်မှတ်ထားကြတယ်လို့ သူကဆိုပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးသူတယောက်ကလည်း လူကြီးမိဘမပါဘဲ ဘင်္ဂလားဒေရှ့်ဖက် မကြာခင်ကရောက်လာတဲ့ ရိုဟင်ဂျာကလေးငယ် ၁၅၀ လောက်ရှိတယ်လို့ပြောကြောင်း Cox’s Bazar နယ်ထဲက Kutapalong ဒုက္ခသည် စခန်းကိုရောက်ခဲ့တဲ့ VOA သတင်းထောက်က ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက အစီရင်ခံစာတခုအရ ဘင်္ဂလားဒေရှ့်မှာ လူကုန်ကူးသူတွေ လက်ကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ် ၄၉ ယောက်ရှိခဲ့ပြီး ၁၅ ယောက်က Cox’s Bazar ဒေသကဖြစ်ကြပါတယ်။ လူကုန်ကူးသူတွေဟာ ကလေးတွေကို အလုပ်ခိုင်းစေတာ၊ တောင်းစားခိုင်းတာ၊ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးခိုင်းတာအပြင် ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းစားတဲ့အထိ လုပ်တတ်ကြပါတယ်။ လူကုန်ကူးမှု ပပျောက်ရေးအတွက် ဘင်္ဂလားဒေရှ့် အစိုးရက အနိမ့်အဆုံးအဆင့်တောင် ပြည့်မှီအောင် လုပ်ခြင်းမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနှစ်ကထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေရှ့်မှာ ရိုဟင်ဂျာတွေဟာ လူကုန်ကူးခံရမယ့်အန္တရာယ်ပိုများတယ်လို့လည်း အဲဒီအစီရင်ခံထဲမှာ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG