သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Long March 5 ဒုံးယာဉ် တတိယအကြိမ် အောင်မြင်စွာလွှတ်တင်


Long March 5 ဒုံးယာဉ်ပစ်လွှတ်မှုကို ကြည့်ရှု ဓာတ်ပုံရိုက်နေသည့် တရုတ်ပြည်သူများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၉)
Long March 5 ဒုံးယာဉ်ပစ်လွှတ်မှုကို ကြည့်ရှု ဓာတ်ပုံရိုက်နေသည့် တရုတ်ပြည်သူများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

တရုတ်နိုင်ငံရဲ့ အကြီးဆုံးဒုံးယာဉ် Long March 5 ကို တတိယအကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် Wenchang အာကာသ ဒုံးယာဉ်လွှတ်စခန်းကနေ သောကြာနေ့ ညနေပိုင်းက လွှတ်တင်လိုက်ပါတယ်။

Long March – 5 Y3 လို့ အမည်ပေးထားတဲ့ ဒုံးယာဉ်နဲ့အတူ အလေးချိန် ၈ တန်ရှိတဲ့ Shijian - 20 နည်းပညာစမ်းသပ်ရေး ဂြိုဟ်တုတလုံးကို သယ်ဆောင်ပစ်လွှတ်ခဲ့တာပါ။

ဒီဂြိုဟ်တုဟာ တရုတ်နိုင်ငံက ပစ်လွှတ်ခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်းသုံး ဂြိုဟ်တုတွေထဲ အလေးချိန်အများဆုံး ဂြိုဟ်တုတလုံး ဖြစ်ပါတယ်။

စက္ကန့်ပေါင်း ၂၂၂၀ ကြာမြင့်ပြီးချိန်မှာတော့ ဂြိုဟ်တုဟာ ချိန်ကိုက်ထားတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်ရှိသွားကြောင်းနဲ့ ဒုံးယာဉ်ပစ်လွှတ်မှု အောင်မြင်ကြောင်း Long March – 5 Y3 ဂြိုဟ်တုပစ်လွှတ်ရေးကို ကွပ်ကွဲရသူ အကြီးအကဲ Zhang Xueyu က ကြေညာခဲ့ပါတယ်။

ဒီဂြိုဟ်တု အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်မှုဟာ အင်္ဂါဂြိုဟ်ပေါ် ဂြိုဟ်တု လွှတ်တင်ရေး၊ လကမ္ဘာက နမူနာ အပိုင်းအစတွေ ရယူရေးနဲ့ ကိုယ်ပိုင် အာကာသစခန်းတခု တည်ဆောက်ရေး အပါအဝင် နောက်ဆက်တွဲ ဂြိုဟ်တုတွေ ဆင့်ကဲပစ်လွှတ်ရေးမှာ အရေးပါတဲ့ အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့တယ်လို့လည်း တရုတ်အမျိုးသား အာကာသလေ့လာရေး စီမံခန့်ခွဲမှုဌာန (CNSA) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး Wu Yanhua က ပြောပါတယ်။

အခုလွှတ်တင်ခဲ့တဲ့ Shijian -20 ဂြိုဟ်တုကို DHF – 5 လို့ ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုလွှတ်တင်ရေး မျိုးဆက်သစ် စနစ်သစ်အတွက် စမ်းသပ်အသုံးပြုမှာဖြစ်ပြီး ဆက်သွယ်ရေးနဲ့ အသံလွှင့်လုပ်ငန်းတွေ အတွက်လည်း အသုံးပြုမယ်လို့ Wu က ပြောပါတယ်။

ဒီဂြိုဟ်တုကို တင်ဆောင်သွားခဲ့တဲ့ Long March 5 ဒုံးယာဉ်ဟာ အလွန်ကြီးမားတဲ့ အဆင့်နှစ်ဆင့် ပေါက်ကွဲတဲ့ ဒုံးယာဉ်အမျိုးအစားဖြစ်ပြီး မော်တော်ယာဉ် ၁၆ စီးနဲ့ အလေးချိန်တူတဲ့ ၂၅ တန် အလေးချိန်ကို ကမ္ဘာကနေ အာကာသအတွင်းသို့ သယ်ဆောင်နိုင်စွမ်းရှိကြောင်း၊ ၁၄ တန်လေးတဲ့ ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းတခုက တခြားပတ်လမ်းတခုကို ပစ်လွှတ်နိုင်သလို ၈ တန်ရှိတဲ့ ဂြိုဟ်တုကို ကမ္ဘာနဲ့ လ ပတ်လမ်း၊ ၅ တန်ရှိတဲ့ ဂြိုဟ်တုကို ကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ပတ်လမ်းအတွင်းကို သယ်ဆောင် ပစ်လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Long March 5 အမျိုးအစား ဒုံးယာဉ်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်က ပစ်လွှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဒုတိယအကြိမ် ပစ်လွှတ်ရာမှာ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အင်ဂျင်အတွင်းက ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိ ပြင်ဆင်ပြီးတဲ့နောက်မှာ အင်ဂျင်ဒီဇိုင်း၊ အသုံးပြုပစ္စည်းတွေနဲ့ နည်းပညာတွေ အပြောင်းအလဲ ပြုလုပ်ပြီး အခုလို တတိယအကြိမ်မှာ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

-------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG