သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြီးထွားမှုနဲ့ NATO အဖွဲ့အမြင်


NATO အဖွဲ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ။ ဒီဇင်ဘာ ၄၊ ၂၀၁၉။
NATO အဖွဲ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ။ ဒီဇင်ဘာ ၄၊ ၂၀၁၉။

(Zawgyi/Unicode)

၂၀၁၉ ခုနှစ်အတွင်း လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေးရဲ့ အထူးခြားဆုံးအချက်ကတော့ တရုတ်နိုင်ငံကို မဟာဗျူဟာ စိန်ခေါ်မှုတခုအဖြစ် တရားဝင် သတ်မှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံ ဟာ Huawei နည်းပညာကုမ္ပဏီကြီးကနေတဆင့် ကမ္ဘာ့အဆင့်မြင့်နည်းပညာ လောကကို လွှမ်းမိုးဖို့ ကြိုးစားနေသလို အမေရိကန်နဲ့လည်း စစ်ရေးအရယှဉ်နိုင်အောင် ကြိုးပမ်း နေပြီး BRI ခါးပတ်လမ်း စီမံကိန်းနဲ့ ကမ္ဘာ့ပြည်သူအများစုကို ထိတွေ့မှုရအောင် လုပ်နေတယ်လို့ နေတိုးအဖွဲ့ဝင်တွေက ယူဆထားကြပါတယ်။ ဗွီအိုအေ သတင်းထောက် Jela de Franceschi က နေတိုးအဖွဲ့ စစ်ဦးစီးချုပ်ဟောင်းနှစ်ယောက်နဲ့ ဆွေးနွေးထားတာကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

နေတိုးအဖွဲ့ဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံးနဲ့ အထိရောက်ဆုံး မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လန်ဒန်မှာလုပ်တဲ့ အဲဒီမဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်နိုင်ငံဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီ မဟာမိတ်အဖွဲ့ကြီးကို မဟာဗျူဟာအရ ယှဉ်ပြိုင်လာနေပြီဆိုတာကို အဖွဲ့ဝင်တွေ တသဘောတည်း လက်ခံလာခဲ့ကြပါတယ်။

နေတိုးအဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးJames Jones က လက်ရှိ တရုတ်နိုင်ငံဟာ ဆိုဗီယက်ယူနီယံ အစွမ်း အထက်ဆုံး အချိန်ကထက်တောင် ပိုပြီး အင်အားကြီးနေပါတယ်လို့ ဆိုပါတယ်။

“တရုတ်ရဲ့ မဟာဗျူဟာရည်မှန်းချက်က သူ့ပြည်သူတွေအပေါ် လွှမ်းမိုးထားဖို့ဆိုတာ လုံးဝဥဿုံ သေချာသလို ကမ္ဘာကြီးကိုလည်း သူတို့လွှမ်းမိုးနိုင်သမျှ လွှမ်းမိုးဖို့ပါပဲ။ သူတို့က ဒါကို သိပ်ပါးပါးနပ်နပ်နဲ့ လုပ်ဆောင်နေတာမှာ အရင်းရှင် နည်းစနစ်တွေကိုသုံးပြီး ကျနော်တို့ရဲ့ စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုးဖောက်ဝင်ရောက်နေပါတယ်။ တချိန်တည်းမှာပဲ cyber လုံခြုံရေး သူလျှို လုပ်တာတွေနဲ့ ဉာဏပစ္စည်း ခိုးယူတာတွေကို ပြိုင်ဘက်မရှိ ထိထိရောက်ရောက် လုပ်ဆောင်နေပါတယ်။”

Huawei ရဲ့အကူအညီနဲ့ ၂၁ ရာစုနှစ် ဒစ်ဂျစ်တယ်လ် အခြေခံအဆောက်အအုံတခုလုံးကို သိမ်းယူဖို့ တရုတ်နိုင်ငံက ကြံစည် ထားပါတယ်။ ဒီအနေအထားကို အသုံးချပြီး တနေ့မှာ တရုတ်တို့ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေအပေါ် အဓမ္မနည်းနဲ့ အသာစီး ရအောင် လုပ်လိမ့်မယ်လို့ လည်း ဗိုလ်ချုပ်ကြီး Jones က ဟောကိန်း ထုတ်ပါတယ်။

“နေတိုးလို အဖွဲ့ကြီး ဆက်ပြီးရှင်သန်နိုင်ဖို့ လုံခြုံရေးစနစ်တခု ရှိရပါမယ်။ နိုင်ငံ ၁၀ နိုင်ငံက Huawei ကို သုံးနေချိန်မှာ နိုင်ငံ ၂၀ က တခြားဟာကိုသုံးနေတာမျိုး ဖြစ်နေလို့မရပါဘူး။ ကျနော် အခုလို အာသီသပြင်းပြင်းနဲ့ အသည်းအသန် ပြောနေရတာက ဒါက အခုကို ဖြစ်နေလို့ပါ။ နောင် ၁၀ နှစ်မှာ ဖြစ်မှာကို ကျနော်ပြောနေတာ မဟုတ်ဘူးနော်။ အခု ဖြစ်နေတာကို ပြောနေတာ။”

5G ကို အုပ်စီးရမယ့်ပြိုင်ပွဲဟာ အဏုမြူဗုံးကို ထုတ်လုပ်နိုင်တာနဲ့ လကမ္ဘာကို လူလွှတ်နိုင်တာမျိုးလို သိပ် အရေးပါလာတယ်လို့ လည်း ဗိုလ်ချုပ်ကြီး Jones က ပြောပါတယ်။ နေတိုးအဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဟောင်း နောက်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့အမြင်ကလည်း ဗိုလ်ချုပ်ကြီး Jones နဲ့ သိပ်မကွာလှပါဘူး။

“တရုတ်နိုင်ငံက အင်အားကြီးထွားလာနေတဲ့နိုင်ငံဖြစ်တယ်။ အမေရိကန်ထက် လူဦးရေ ၄ ဆ ပိုများတယ်။ တရုတ် လူလတ်တန်း စား အရေအတွက်က အမေရိကန်လူဦးရေ တရပ်လုံးထက် ပို များတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံရပ်ခြားနည်းပညာကို တရုတ်တို့ စွမ်းစွမ်းတမံ ရယူနိုင်ခဲ့တယ်။”

နောင်ကြုံတွေ့နိုင်မယ့် အန္တရာယ်ကို လျှော့ချနိုင်ဖို့ နေတိုးအဖွဲ့အနေနဲ့ တရုတ်နိုင်ငံ ကမ္ဘာကြီးကိုလွှမ်းမိုးဖို့ ကြိုးစားနေတာကို ကာကွယ်နိုင်မယ့် အစီအစဉ်တခု ရှိရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်ကြီး Clark က ထောက်ပြပါတယ်။

“နည်းပညာနဲ့ပတ်သက်ပြီး အမေရိကန် တနိုင်ငံတည်းက ဖိအားပေးနေချိန်မှာ ပြင်သစ်နဲ့ဂျာမနီလို တခြားမဟာမိတ်တွေက တရုတ်ကို နည်းပညာတွေ ဆက်ရောင်းချနေမယ်ဆိုရင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိမှာ မဟုတ်ဘူး။ ဒါကိုက ကျနော်တို့ အတွက် စိန်ခေါ်မှုတခုဖြစ်ပါတယ်။ မဟာမိတ်တွေအားလုံးစုပြီး တရုတ်ကိစ္စကို ဖြေရှင်းရပါမယ်။ ဒီလိုမျိုးလုပ်နိုင်ရင် ကျနော်တို့ တရုတ်ကို ကိုင်တွယ်နိုင်ပြီပဲ။”

အမေရိကန်တို့က တရုတ်အရေး အလေးပေးစဉ်းစားဖို့ ပြောနေတာတွေကို အခုတော့ ဥရောပနိုင်ငံ တော်တော်များများ နားထောင်လာကြပါပြီ။ ဥရောပကလည်း တရုတ်ရဲ့ စီးပွားရေး၊ စစ်ရေးနဲ့ cyber နည်းပညာ အားသာချက်အပေါ် စိုးရိမ်နေတာပါ။ နေတိုးအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအဖွဲ့ရဲ့ ဘုံ ထင်မြင်ယူဆချက်ကို ပြောပြပါတယ်။

“တရုတ်နိုင်ငံ အင်အားကြီးထွားလာတာကနေ ထွက်ပေါ်လာတဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အရေးတွေနဲ့ ကျနော်တို့ရဲ့ လုံခြုံရေးအပေါ် ရှိလာနိုင်တဲ့ အကျိုးဆက်တွေအကြောင်း ပထမဆုံးအကြိမ် ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင်အားလုံးက ဒီကိစ္စကို မဟာမိတ်တွေ အတူတကွ ဖြေရှင်းရမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။”

အဖွဲ့ဝင် ၂၉ နိုင်ငံရှိပြီး ကမ္ဘာ့ စီးပွားရေးနဲ့စစ်ရေးအင်အား ထက်ဝက် အကျုံးဝင်တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဟာ အဖွဲ့ တည်ထောင်တဲ့ နှစ် ၇၀ မြောက်အခမ်းအနားနဲ့ ထိပ်သီးအစည်းအဝေးကို ဒီနှစ် ဒီဇင်ဘာလအစောပိုင်းမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ မှာ ကျင်းပချိန်အတွင်း အခုလို တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုအကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

--------------------------------

(Unicode)















တရုတ်ကြီးထွားမှုနဲ့ NATO အဖွဲ့အမြင်
please wait

No media source currently available

0:00 0:05:02 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG