သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့နယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မည်


မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က တရုတ်-မြန်မာနယ်စပ်ဒေသ တရုတ်နိုင်ငံဘက်အပိုင်းမှာ ဒီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ လက်နက်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ရေးလေ့ကျင့်မယ့်နယ်မြေဟာ မူဆယ်မြို့နယ်အစပ်ကနေ လောက်ကိုင်မြို့နယ်ဘက်အခြမ်းထိ ပါဝင်ပြီး ဒီကနေ့မှာတော့ နယ်စပ်ဒေသမှာ တရုတ်စစ်ရဟတ်ယာဉ်တွေ ပျံသန်းတာတွေရှိနေကြောင်းနဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေကလည်း ဒီလ ၂၈ရက်နေ့မှာ မူဆယ်ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေကြောင်း မူဆယ် ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံက မြန်မာနဲ့ နယ်စစ်ဒေသမှာ လက်နက်အစစ်တွေအသုံးပြုပြီး စစ်ရေးလေ့ကျင့်ဖို့ ဆောင်ရွက်တာတွေ ရှိလာနေတာပါ။

ဒီကနေ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံက ရဟတ်ယာဉ်တွေ ပျံသန်းတာရှိနေပြီး ဒီရက်ပိုင်းမှာ စစ်ရေးလေ့ကျင်မှုလုပ်မယ်လို့ သိရကြောင်း မူဆယ်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ သူတို့ ဟတ်စကီးနဲ့ ပတ်တယ်။ ၄ စီးပေါ့နော် ဒီနေ့။ အဲဒါ နမ့်ခမ်းဘက်ကနေ မူဆယ်ဘက်ထိ၊ ပန်ဆိုင်းဘက်ထိဖြစ်မယ် ထင်တယ်။ ဒီရက်ပိုင်းကျတော့ သူတို့က စစ်ရေးလေ့ကျင့်မှု ကြေညာထားတာပေါ့နော်။ ခုနက သူငယ်ချင်းတွေ ရိုက်လာတာတော့ တွေ့တယ်။ ကျယ်ဂေါင်မှာပေါ့။ သံချပ်ကာကားတွေနဲ့လေ ဖြန့်ကျက်ထားတဲ့သဘောပေါ့။ မူဆယ်နဲ့ နယ်စပ်တလျှောက်ဆိုရင် ဒီလို စစ်ဆင်ရေး လေ့ကျင့်မှုတော့ တခါမှမရှိခဲ့ဘူး။ ဒါ ပထမဆုံးပဲခင်ဗျ။ ကျနော့် သူငယ်ချင်းတွေတော့ စာတွေ ရေးလာပေးတယ်။ ဒုန်း ဒုန်း ဒိုင်း ဒိုင်း အသံကြားရင် မလန့်ဖို့ပေါ့နော်။ ”

တရုတ်အစိုးရပိုင်း CRI Myanmar လူမှုကွန်ရက်စာမျက်နှာမှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တရုတ်- မြန်မာနယ်စပ်ဒေသ တရုတ်ပြည်ဘက်အပိုင်းမှာ လက်နက်အစစ်နဲ့ စစ်ရေးလေ့ကျင့်တာကို ဒီလ ၂၇ရက်နေ့ကနေ ၂၉ရက်နေ့ထိ ပြုလုပ်မှာ ဖြစ်ကြောင်း သတင်း ဖော်ပြထားပါတယ်။ စစ်ရေးလေ့ကျင့်မှုကို နေရာ ၄နေရာမှာပြုလုပ်မှာဖြစ်ပြီး အဲဒီနေရာတွေကို သွားလာတာနဲ့ပတ်သက်လို့ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့လည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မယ့် နေရာတွေဟာ မြန်မာနိုင်ငံ နမ့်ခမ်း ၊မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုးနဲ့ လောက်ကိုင် စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်အခြမ်းမှာဖြစ်ပြီး ဒီဒေသအများစုကို ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတာပါ။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ်မြို့ကိုတော့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး ဒီရက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေကြောင်း အခြား မူဆယ် ဒေသခံတဦးက ပြောပါတယ်။

“မူဆယ်ဘက်မှာတော့ ၂၈ရက်နေ့ ဝင်မယ်လို့တော့ သတင်းထပ်ကြားတယ်ဗျ။ အရင်တခေါက်ကလည်း အဲလိုပေါ့နော။ လက်နက်ချခိုင်းတယ်။ လက်နက်မချရင် ဘယ်နေ့ ဝင်မယ်လို့ အဲလို သတင်းထွက်ဖူးတယ်။ အခုလည်း နောက်ထပ် ၂၈ရက်နေ့ ဝင်မယ်ဆိုတဲ့ သတင်းထွက်လာတယ်ဗျ။ စိုးတော့ စိုးရိမ်ကြတယ်ပေါ့နော်။ ဒါပေမဲ့ ဒါက ခန ခန ထွက်နေကြတာဗျ။ မူဆယ်ကလည်း ကွက် ကွက် ကလေးပဲ ကျန်တော့တာဆိုတော့ သူတို့ ဝင်လို့ ရှိရင်လည်း အလံဖြူထောင်မယ် အဲလိုတော့ သတင်းတွေက အမျိုးမျိုး ထွက်နေကြတယ်ဗျ။”

ဒီလ ၃ရက်နေ့က လားရှိုးမြို့ကို MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တဲ့နောက် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ညီနောင်မဟာမိတ်တွေက အကြောင်းကြားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သလို ဒီလ ၈ရက်နေ့မှာလည်း မူဆယ်မြို့အနီး တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

မူဆယ်ဒေသခံ အတော်များများကတော့ ညီနောင်မဟာမိတ်တပ်တွေဟာ မူဆယ်ကို သိမ်းယူမယ်ဆို ၁၀၂၇စစ်ဆင်ရေး ပထမပိုင်းမှာတည်းက သိမ်းယူမှာဖြစ်ကြောင်းနဲ့ လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေဟာ စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေတာဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ တယ်ဟုန်ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဒေသ၊ လုံချွမ်ခရိုင်ထဲမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG