သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ်စိုးရိမ်မှုတိုးလာဟု လေ့လာသူတွေသုံးသပ်


 တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဥ်။ (သြဂုတ် ၁၆၊ ၂၀၂၄)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဥ်။ (သြဂုတ် ၁၆၊ ၂၀၂၄)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒေသတွင်းတာဝန်ရှိသူတွေ ကုလ တာဝန်ရှိသူတွေကိုတွေ့ဆုံပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်တိုက်ဆောင်ရွက်လာတယ်လို့ လေ့လာသူတွေ ယူဆပါတယ်။ ဒါဟာ တရုတ်အနေနဲ့ မြန်မာ့အရေးကို ပိုပြီး စိုးရိမ်လာတဲ့သဘောဖြစ်သလို တဖက်မှာ မြန်မာ့အရေး အမေရိကန်ဝင်မလာအောင် ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုဝင်းမင်းက တွေ့ဆုံမေးမြန်းထား ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအနေနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးသံနဲ့ တွေ့ဆုံဆွေးနွေးမယ့်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ် ကြိုပြောခဲ့တယ်လို့ ဒီတွေ့ဆုံပွဲထဲပါခဲ့တဲ့ ပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့ တွေ့ဆုံတယ် ဆိုတာက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာလည်း ကြိုတင်ပြီးတော့ကျ အသိပေးပြီးလည်းဖြစ်ပါတယ်။ ဒီဟာသည် တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်မှာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။”

တရုတ်နဲ့ကုလသမဂ္ဂတို့တွေ့ဆုံပွဲမှာ တရုတ်ဘက်ကလိုလားချက်ဖြစ်နိုင်တာကို မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP မြန်မာအဖွဲ့ ဒါရိုက်တာဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပါတယ်။

“ဒီသြဂတ်စ်လဆန်းပိုင်းလောက်ကစပြီး သတိပြုမိတာက UN ရဲ့အထူးသံတမန် ဂျူလီ ဘစ်ရှော့က အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေကို သူ ဝင်တွေ့ပြီး ဆွေးနွေးနေတာရှိတယ်ဗျ။ သူက အခုချိန်မှာတော့ တရုတ်ပြည်နဲ့သွားပြီးတော့ ညှိနှိုင်းတယ်ပေါ့နော်၊ တရုတ်ကလည်း လိုချင် တာက သူ့ရဲ့လုပ်ငန်းစဥ်ကို သူတနိုင်ငံတည်းဦးဆောင်ပြီးတော့ လုပ်မယ်ဆိုရင်တောင်မှ တရားဝင်မှုအရ အားနည်းတယ်ဗျ။ နိုင်ငံတကာရဲ့ အားကို အနည်းဆုံးလိုသေးတာပေါ့။ အဲဒီအနေအထားမှာတော့ အခုလက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ လာအိုတို့၊ ထိုင်းနိုင်ငံတို့ကို သူတိုက် တွန်းမယ်။ အာဆီယံဝိတ်ပါလာရင်ကောင်းတယ်။ နောက်တခုကကျတော့ UN ရဲ့ထောက်ခံချက်ပါလာရင် ပိုပြီးတော့ တရားဝင်ဖြစ်မယ်ဆိုပြီး ယူဆတာပေါ့။ နောက်တခုက တဘက်မှာလည်းမြင်ရတာက တရုတ်နိုင်ငံက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာပြည်အရေး ဝင်စွက်လာတာကိုလည်း သူက ဟန့်တားချင်တဲ့ပုံစံရှိပါတယ်။”

အခုလို ‘မြန်မာ့အရေး အမေရိကန်မပါရေး’ တရုတ်ကရည်ရွယ်ထားနိုင်တာကိုလည်း CDM ဗိုလ်မှူးနောင်ရိုးကလည်းသဘောတူပြီး တရုတ်ရဲ့စိုးရိမ်မှုနဲ့ကြိုးပမ်းလာပုံတွေကို အခုလို ထောက်ပြပါတယ်။

“တရုတ်ဘက်က မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှု ရှိနေတာကို မြင်နေရတယ်ပေါ့နော်။ အဲဒါကြောင့်လည်း အခုလိုမျိုး ထဲထဲဝင်ဝင်လုပ်ဆောင်လာတာလို့ ထင်ပါတယ်။ မြန်မာပြည်တည်ငြိမ်မှုရစေဖို့၊ အပြောင်းအလဲတွေဖော်ဆောင်လာစေဖို့ တရုတ်က လိုလားတယ်ဆိုတာလည်း သူတို့အကြိမ်ကြိမ်ပြောနေတယ်ပေါ့နော်၊ ဒါကိုလက်တွေ့ဖော်ဆောင်လာနိုင်စေဖို့ ဘက်ပေါင်းစုံကနေပြီးတော့ တိုက်တိုက်တွန်းတွန်းလုပ်ဆောင်လာတာလို့ ယူဆပါတယ်။ တရုတ်က သူ့အကျိုးစီးပွါးအတွက် မြန်မာပြည်ကိုတည်ငြိမ်မှုရရှိစေချင်တယ်။ အလားတူ တရုတ်ရဲ့သြဇာအာဏာကိုမထိခိုက်စေဘဲ မြန်မာပြည်မှာ အပြောင်းအလဲ ဖော်ဆောင်လာစေချင်တယ်။ ဒါကြောင့်တရုတ်ဘက်က ထိတွေ့ချဥ်းကပ်မှု ပုံစံတွေနဲ့ထဲထဲဝင်ဝင်လုပ်ဆောင်လာတာလို့ သုံးသပ်ရပါတယ်။”

ဒီနေရာမှာ အခု တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့တဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်အပေါ် မြန်မာစစ်ကောင်စီဘက်က ထားတဲ့ သဘောထားကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လာတဲ့ မြန်မာနိုင်ငံရဲ့ကောင်းကျိုးကို ရည်ရွယ်ပြီး လုပ်ဆောင်မယ့် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကိုမဆို လက်တွဲဆောင်ရွက်မယ်လို့ ပြောပြီးဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာတော့ ယခင်တုန်းကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့တာတွေ ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာတော့ မြန်မာနိုင်ငံမှာ ပကတိဖြစ်ပေါ်နေတဲ့ ဖြစ်စဥ်တွေကို လျစ်လျူရှုပြီး မြန်မာနိုင်ငံနဲ့မကိုက်ညီတဲ့စံချိန်စံညွှန်းတွေနဲ့လုပ်ဆောင်လာမှာ၊ အတိုင်းအတာ ဒါမျိုးကိုတော့ ကိုယ်စားလှယ်တွေအနေနဲ့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။ ဒီနေ့လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူးကြီးထံ ပေးအပ်ခဲ့တာရှိပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်လျက်ရှိပြီး အကောင်းဘက်ကိုပဲ အများကြီး ဦးတည်ရွေ့လျားလျက်ရှိပါတယ်။ ဒီသံအမတ်ကြီးနဲ့ တွေ့ဆုံစဥ်အခါမှာလည်း ဒီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်ဗျ။”

အဲဒီတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အခု ဆက်တိုက်တွေ့ဆုံမှုကနေ တရုတ်အနေနဲ့အဖြေရှာပေးနိုင်ရေး ဆက်ကြိုးပမ်းနေပုံရတာကိုလည်း ဦးအောင်သူငြိမ်းက အခုလို ဆက်သုံးသပ်ပါတယ်။

“ဒီ မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပေါ့နော်၊ သူက နေပြည်တော်ကိုသွားပြီးတော့ ပြန်လာတဲ့အခါမှာ အထူးသဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပြီးတော့ ဒီပြဿနာတွေရှင်းရမယ်။ ပြောလာတဲ့အပြင်မှာ တဘက်က အစည်းအဝေးသွားတယ်။ လန်ချန်း-မဲခေါင်အစည်းအဝေး- ချင်းမိုင်မှာပဲလုပ်တဲ့အစည်းအဝေးပေါ့နော်။ ဒီအစည်းအဝေးမှာကျတော့လည်း ဘာပြောလဲဆိုတော့ မြန်မာပြည်ရဲ့ ပြဿနာက တရုတ်အတွက် စိုးရိမ်စရာဖြစ်တယ်။ တဘက်ကလည်း အာဆီယံရဲ့ပူးပေါင်းကူညီမှုနဲ့ မြန်မာပြည်ရဲ့ soft landing ပေါ့ဗျာ။ မြန်မာပြည် ပြဿနာက သက်တောင့်သက်သာနဲ့ဖြေရှင်းနိုင်မယ့်အနေအထားမျိုး သူ မြင်တယ်ပေါ့။ ဆိုတော့ တရုတ်က ပြီးခဲ့တဲ့ ညီနောင်သုံးဖွဲ့နဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေပေါ့-ဟိုက်ဂင်သဘောတူညီချက်ပေါ့နော်။ ကူမင်းမှာဆွေးနွေးခဲ့တယ်၊ ဒါတွေက အဖြေမဟုတ်ဘူး၊ မပြေလည်ဘူးလို့ ယူဆပါတယ်-ပေါ့။ ဒီလိုအနေအထားမှာတော့ တနိုင်ငံလုံးရဲ့ process ပေါ့။ ဒါကို သူကိုယ်တိုင်ဝင်တွန်းမယ်၊ မြန်မြန်ဆန်ဆန်ဖြစ်အောင်လည်း ဝင်တွန်းမယ့်သဘောမျိုး တွေ့ရပါတယ်။ “

တကယ်တော့ မြန်မာ့အိမ်နီးချင်း တွေလည်းပါတဲ့ အာဆီယံနိုင်ငံတွေနဲ့ မကြာခင်ကပဲတွေ့ခဲ့တဲ့ အခု တရုတ်နဲ့ကုလ အဆင့်မြင့်အရာရှိတွေဆွေးနွေးပွဲကနေ အားလုံးပါဝင်တဲ့မြန်မာ့အရေး ဆက်အဖြေရှာနိုင်မလားဆိုတာကိုတော့ အများစိတ်ဝင်စားနေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG