ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေကို နယ်စပ်ဂိတ်ကတဆင့် ရှမ်းပြည်နယ် မူဆယ်ဘက်ကို ပြန်ပြီး သယ်လို့ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အရင်ကလို စီးပွားဖြစ် သယ်လို့ရတာမျိုးမဟုတ်ဘဲ တနိုင်တပိုင်၊ နည်းနည်းချင်းပဲ တရုတ်ဘက်က သယ်ခွင့် ပြန်ပေးလိုက်တာပါ။ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ဆက်ထားပါတယ်။
ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်ကနေ အဝတ်အစားနဲ့ လူသုံးကုန်ပစ္စည်း သယ်ယူခွင့်ကို တရုတ်ဘက်က ဒီရက်ပိုင်းထဲမှာ ပြန်ပြီးခွင့်ပြုပေးနေတယ်လို့ မူဆယ်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ စားသောက်ကုန်လိုပဲ လူတယောက် တနိုင်တပိုင် သယ်လို့ရတဲ့ ပမာဏကိုပဲ ခွင့်ပြုပေးထားတာပါ။ ဒါကြောင့် မြန်မာဘက်ကိုထွက်ဖို့ ကျယ်ဂေါင်ဘက်မှာ တန်းစီနေတဲ့သူက နေ့တိုင်း ရာချီရှိနေကြောင်း ပစ္စည်းသယ်ယူပေးနေသူ တဦးက ပြောပါတယ်။ ကုန်စည်စီးဆင်းမှုမရှိလို့ မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အစစ စျေးကြီးနေကြောင်း သူကပြောပါတယ်။
"သယ်လို့ရပြီဆိုတာ ဒီအတိုင်း သယ်လို့မရဘူး၊ လက်ဆွဲနဲ့တနိုင်တပိုင် အဲလိုမျိုးပဲ သယ်လို့ရတယ်။ မူဆယ်အိမ်ထောင်စု ရှိတဲ့သူနဲ့ မူဆယ်၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ မန့်ဟီးရိုးပေါ့ အဲဒီအိမ်ထောင်စု ရှိတဲ့သူတွေပဲ စာအုပ်အနီထုတ်ပေးတာ။ စာအုပ်အနီရတဲ့သူတွေပဲ ကုန်ပစ္စည်း ဝန်သယ်ခွင့်ရတာ။ တချို့လည်း လက်ဆွဲနဲ့သယ်တယ်၊ တချို့လည်း ဆိုင်ကယ်နဲ့။ တချို့လည်း စက်ဘီးနဲ့သယ်တယ်။ မိန်းကလေး အဝတ်အစားဆိုလည်း မိန်းကလေးတွေဝတ်ပြီးမှ ထုတ်ရတယ်။ ပန်းဆိုလည်း ပန်းကို ကိုင်ပြီးမှသွားရတယ်။ ခေါင်းစည်းကြိုး ထုတ်မယ်ဆို ခေါင်းမှာ ဆံပင်မှာစည်းပြီး အဲလိုမျိုး သွားရတယ်။"
တချို့လည်း ပြန်ရောင်းဖို့အတွက် နည်းနည်းချင်း၊ အကြိမ်ကြိမ်ခွဲပြီး သယ်ယူရတယ်လို့ ပြောပါတယ်။ ဆေးလိပ်နှစ်ဘူးကို ယွမ်ငွေ၂၀လောက် အခွန်ဆောင်ပြီးမှ တရုတ်ဘက်က ပေးထွက်တယ်လို့ ကျယ်ဂေါင်မြို့က မြန်မာတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ကနေ မီးဖိုချောင်သီးနှံနဲ့ အသားငါးတွေ တနိုင်တပိုင်သယ်ယူခွင့်ကိုတော့ တရုတ်ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေ ၂၀၂၄ ဒီဇင်ဘာလ ၁ရက်မှာ ပြန်ပြီးခွင့်ပြုပေးခဲ့တာပါ။ မူဆယ်မြို့မှာ မန်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်ဆိုပြီး သုံးခုရှိပေမဲ့ ကုန်စည်ပို့ဆောင်ရေးမှာ အဓိကအသုံးပြုတဲ့ မန်ဝိန်းဂိတ်ကို ပိတ်ထားတုန်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆင်ဖြူဂိတ်ကို ကုန်တွေ တနိုင်တပိုင်သယ်ဖို့ ဆိုင်ကယ်နဲ့ စက်ဘီးတွေအတွက် ဖွင့်ပေးထားပါတယ်။ နန်းတော်ဂိတ်ကိုတော့ လူအဝင်အထွက် အတွက်ပဲ ဖွင့်ပေးထားတာ ဖြစ်ပါတယ်။
Forum