သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)
တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)

မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုကို တရုတ်က ထောက်ခံ အားပေးနေမှာ ဖြစ်ကြောင်းနဲ့ မြန်မာ တရုတ် ၂ နိုင်ငံကြား ကုန်သွယ်မှု အချက်အချာ ဖြစ်တဲ့ မူဆယ်- ချင်းရွှေဟော် နယ်စပ်ဂိတ် တဝိုက် မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းအောင် မြန်မာဘက်က ကြိုးစားမယ်လို့ မျှော်လင့်ထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် သြဂုတ်လ ၁၉ ရက်နေ့ကစပြီး ၂ နိုင်ငံကြား ကုန်သွယ်ရေးဟာ နေ့စဉ် ကျပ် ဘီလျံနဲ့ ချီဆုံးရှုံးနေတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုကို အားပေးကြောင်းနဲ့ ရခိုင်ပြည်နယ် အခြေနေကို အနီးကပ်စောင့်ကြည့်နေသလို ဒီပြဿနာကို နိုင်ငံရေးအရ အသုံးချမှုကို လက်မခံကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာဘက်ကလည်း တရုတ်ရဲ့ ကာလတာရှည် ကူညီပံ့ပိုးမှု အတွက် ကျေးဇူးတင်ကြောင်းနဲ့ ရခိုင်ပြည်နယ် အရေးကို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း ကတိပြုခဲ့တယ်လို့ အတိုင်ပင်ခံရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ တရုတ်နိုင်ငံ ၂ ရက်ကြာ ခရီးစဉ် အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီး Song Tao နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပြီး မကြာမီ ကျရောက်တော့မယ့် တရုတ် မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် နှစ်ပတ်လည် အချိန်အတွင်း ၂ နိုင်ငံကြား ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက် လိုတဲ့ဆန္ဒရှိကြောင်း ၂ ဖက်စလုံးက ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ လည်း ဖေါ်ပြထားပါတယ်။

မြန်မာ တရုတ် ၂ နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းမယ့် တရုတ်အစိုးရရဲ့ ခါးပတ်လမ်း စီမံကိန်း အကောင်ထည်ဖေါ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှုင့်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်းလည်း အတိုင်ပင်ခံရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG