သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေ


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်အတွင်းမှာဒီကနေ့ တိုက်ပွဲအနည်းဆုံး ၄နေရာဖြစ်ပွားခဲ့ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းရွာတိုက်ပွဲမှာတော့ ရွာသား ၂၀၀လောက် နမ့်ခမ်းမြို့ကို ထွက်ပြေးလာခဲ့သလို ရွာသားအချို့လည်း ရွာအတွင်းမှာ ပိတ်မိနေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ ကွတ်ခိုင်နဲ့ မူဆယ်အကြားမှာ ဒီကနေ့ အထိ ကားသွားလာလို့ မရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေတွေကိုဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်ကဆက်သွယ်မေးမြန်းပြီး အခုလိုတင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဒီလ ၁၅ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန် ခဲ့တာကြောင့်နယ်စပ်ကုန်သွယ်ရေးဟာလည်း ဒီကနေ့ အထိ တစ်ပတ်ကြာ ရပ်ဆိုင်းနေဆဲဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ တိုက်ပွဲက ဒီကွတ်ခိုင်ဘက်က ကောင်းခါးနားမှာ တစ်ကြိမ်ဖြစ်တယ်။ လုံစိန်နားမှာ တစ်ကြိမ်ဖြစ်တယ်။ နောက်တစ်ခါကတော့ ကွတ်ခိုင်နားမှာ တစ်ကြိမ်ပြန်ဖြစ်တယ်။ နမ့်ခမ်းကျတော့ ကောင်းဝိုင်း၊ ကောင်းဝိုင်းရွာအထက်နားမှာဖြစ်တယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေကိုတော့ မသိရသေးဘူး။ ဒီနေ့ကတော့ တိုက်ပွဲအနည်းဆုံး ၄ကြိမ်တော့ ဖြစ်တယ်။ လောလောဆည်တော့ အဲဒီနေရာတွေပဲ ရသေးတယ်။ ကျန်တဲ့နေရာတွေတော့ မသိရသေးဘူး။”

နမ့်ခမ်းမြို့အနီးတိုက်ပွဲဟာ ဒီကနေ့ မနက် ၁၀နာရီလောက်က ဖြစ်ပွားပြီး ဒီတိုက်ပွဲအခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ TNLA က ကောင်းဝိုင်းကို မနေ့ တစ်နေ့က ရောက်လာတယ်။ အဲဒီမှာ စခန်းချနေတယ်ပေါ့လေ။ အဲဒါနဲ့ ဒီနမ့်ခမ်းက တပ်မတော်က တက်သွားတယ်။ ဒီနေ့ တိုက်ပွဲဖြစ်တယ်။ ရွာနားမှာ။ ရွာသားတွေ တချို့က ပိတ်နေပြီ ထွက်လို့ကို မရဘူး ရွာထဲမှာ။ တချို့လည်း တောထဲမှာ၊ တချို့လည်း နမ့်ခမ်းကို ရောက်နေပြီ။ စခန်းမှာတော့ ၂၀၀လောက်တော့ ရှိပြီ။ နမ့်ခမ်းမှာတော့ ကောင်းဝိုင်းမှာ စပြီး အသံကြားတာနဲ့ ကျောင်းက ချက်ချင်း ကလေးတွေ လွှတ်ကုန်ကြတယ်။”

နေ့ခင်း ၁နာရီလောက်မှာ ပစ်ခတ်သံတွေငြိမ်သက်သွားကြောင်း ပြောပါတယ်။

ကွတ်ခိုင်နဲ့ သိန္နီအကြား ၃၈မိုင်က မန်ပြိန်းရွာအနီးမှာ ဒီနေ့ မနက် တိုက်ပွဲဖြစ်ပွားကြောင်း နဲ့ လားရှိုးနဲ့ နမ္မတူလမ်း နန့်စီဒေါ တံတားမှာလည်း မိုင်းထောင်ထားတာ သတင်းရလို့ ဒီကနေ့ တပ်မတော်က သွားရောက် ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ဒီကနေ့ မနက်ပိုင်းကတော့ ကွတ်ခိုင်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၂၈ကို တပ်မတော်ရဟတ်ယာဉ်နဲ့ လားရှိုးမြို့ကို ခေါ်ဆောင်ပြီး နေ့ခင်းပိုင်းမှာ ရန်ကုန်ကို ပို့ဆောင်ခဲ့ပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ ကွတ်ခိုင်နဲ့မူဆယ်အကြားမှာတော့ ကားသွားလာလို့ မရသေးတာဟာ တစ်ပတ်လောက်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

လောလောဆည် နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်နေသလို တိုက်ပွဲကြောင့် ဒဏ်ရာရတဲ့ အရပ်သားတွေကိုလည်း လားရှိုးဖက်ကို ပို့ဆောင်ဖို့ ခက်ခဲနေကြောင်း မူဆယ်မြို့ ကရုဏာ ပရဟိတအသင်း ဥက္ကဌ ဦးသောင်းထွန်းက ပြောပါတယ်။

“ ခုချိန်ထိတော့ လမ်းမပွင့်သေးပါဘူးခင်ဗျ။ ခု လမ်းပိတ်နေတာကတော့ မူဆယ်ကနေ ကွတ်ခိုင်အထိ လမ်းကတော့ မပွင့်သေးပါဘူးခင်ဗျ။ ပိတ်နေပါသေးတယ်။ လမ်းမပွင့်သေးဘူးဖြစ်တဲ့အတွက် ကျနော်တို့ ကုန်ကားတွေ၊ ခရီးသည်တင်ကားတွေ အသွားအလာကတော့ အားလုံး ရပ်ဆိုင်းနေပါတယ်။ အဲဒီ ခရီးသည်တင် ကုန်တင်ကားတွေထက် ပိုဆိုးတာက အခု ဒဏ်ရာရတဲ့ ရွာသူ၊ရွာသားတွေပေါ့နော် အဲဒါ ဆေးရုံ ပို့ဖို့ဟာကို လမ်းက ပိတ်ထားတော့ အဆင်မပြေဘူး။ သွားလို့ လာလို့ မရသေးပါဘူးခင်ဗျ။ နှစ်နိုင်ငံ ကုန်သွယ်ရေးရဲ့ ရာခိုင်နှုန်း ၈၀ကလည်း ဒီကနေ သွားနေတာဆိုတော့ အခုလမ်းပိတ်နေတော့ ကုန်သွယ်မှုကတော့ ရပ်ဆိုင်းနေတာပေါ့။”

ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင် ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီလ ၁၅ရက်နေ့က ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅နေရာလောက်ကို တပြိုင်တည်းလိုတိုက်ခိုက်ခဲ့ ပြီး အဲဒီနောက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဒီလ ၂၀ရက်နေ့ကတော့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အပါအဝင် FPNCC အဖွ့ဲဝင်တွေဖြစ်တဲ့ တရုတ်မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က ခေါ်ယူတွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဖိအားပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG