သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စင်္ကြန်ခါးပတ်လမ်း မြန်မာစီမံကိန်းတွေ ထင်သာမြင်သာ ရှိစေလို


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang (ဒု-ယာ) တို့ သဘောတူညီချက်များ လက်မှတ်ထိုးအခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang (ဒု-ယာ) တို့ သဘောတူညီချက်များ လက်မှတ်ထိုးအခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)

တရုတ်နိုင်ငံနဲ့အတူ လုပ်ဆောင်ဖို့ရှိတဲ့ နောင်လာမယ့် စီမံကိန်းကြီးတွေမှာ NLD အစိုးရက ထင်သာမြင်သာရှိရှိနဲ့ သတိကြီးစွာ ကိုင်တွယ်ဖို့ လိုတယ်လို့ ပြည်ပအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက သတိပေးလိုက်ကြပါတယ်။ တရုတ်နိုင်ငံက ဖော်ဆာင်မယ့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အပိုင်း စီမံကိန်းအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ဧပြီလထဲ တရုတ်နိုင်ငံကိုသွားပြီး နားလည်မှုစာချွန်လွှာ ထိုးဖို့ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ အခုလို သတိပေး တိုက်တွန်းလိုက်တာပါ။ အပြည့်စုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တရုတ်နိုင်ငံက ဖော်ဆာင်မယ့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အပိုင်း စီမံကိန်းတွေကို အကောင်အထည် ဖော်သွားဖို့ တရုတ်-မြန်မာ အစိုးရကြား ၂၀၁၈ စက်တင်ဘာလက နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU ကိုလက်မှတ်ထိုးခဲ့ကြတာပါ။

အဲဒီစီမံကိန်းတွေထဲမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း အထိ ကုန်သွယ်ရေး ရထားလမ်းတခု ဖောက်လုပ်ဖို့ လျာထားပြီးဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဒေသခံပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြဖို့လို တယ်လို့ ထောက်ပြသူက အမေရိကန် ကာလီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင် ဖြစ်ပါတယ်။

" အခု တရုတ်ပြည်က လုပ်မယ့် အဲဒီ စင်္ကြန် လမ်းမကြီးပေါ့လေ ဆိုတာ သူတို့က ရှမ်းပြည် မူဆယ်ကနေ ဖြတ်ပြီးတော့ မန္တလေး ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ် အထိ သူတို့ ရထားလမ်းကြီး ဖောက်ဖို့ အစီအစဉ်ဘဲ။ ဒီရထားလမ်းကြီး ဖောက်တာက ဗမာပြည် တပြည်လုံးကို ဖြတ်ပြီးမှ တရုတ်ပြည်ထဲ ကုန်ကူးဖို့ ကုန်တင်ဖို့ ကုန်ပို့ဖို့ရာ ရထားလမ်းကြောင်းကြီး ဖြစ်တယ်။ ဆိုတော့ အဲဒီ ရထားလမ်းကြောင်းကြီးက အကုန်အကျ အများကြီး ကျလိမ့်မယ်။ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရလည်း တရုတ်ကို ဘယ်လောက် အထိ အကြွေးတင်မယ် ဆိုတဲ့ အကြောင်းကို အသေးစိတ် ပြည်သူလူထုကို တင်ပြတာ မရှိဘူးဗျ။ ဒီအကြွေးတွေလည်း ပြည်သူတွေကဘဲ ပြန်ဆပ်ရမှာ။ ပြည်သူတွေရဲ့ သဘောထားကို မခံယူဘဲနဲ့ ဒီသွားပြီးတော့မှ သဘောတူ လက်မှတ်ထိုးပြီး လုပ်မယ်ဆိုလို့ ရှိရင် တရားမျှတမှု မရှိဘူးလို့ ထင်တယ်ဗျာ။ "

တရုတ်မြန်မာ ဆက်ဆံရေးကိုပြန်ကြည့်ရင် မြန်မာနိုင်ငံပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ ဖိအားတွေကို တရုတ်က အကာအကွယ်ပေးထားတဲ့ သာဓကတွေ ရှိနေတာကြောင့် တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေမှာ မြန်မာအစိုးရက ယတိပြတ် ငြင်းဆန်ဖို့ ခက်နေတဲ့ အနေအထား ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ ဒါကို NLD အစိုးရက အတတ်နိုင်ဆုံး ကာကွယ်ဖြေရှင်းမယ်လို့ ယုံကြည်သူက အမေရိကန် အင်ဒီယားနား ပြည်နယ်မှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေ ဖြစ်ပါတယ်။

" ဒီကနေ့ လုပ်ပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အထောက်အကူ ပြုတဲ့ စီမံချက်ကြီးတွေ မြောက်များစွာဟာ ပြီးခဲ့တဲ့ စစ်အစိုးရနဲ့ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေး အစိုးရ လက်ထက်မှာ ကျနော်တို့ တော်တော်များများ လုပ်ပြီးပါပြီ။ ဒါပြောလို့ ရှိရင် ကျနော်တို့ ပိုက်လိုင်း ကိစ္စရော၊ မြစ်ဆုံရော၊ ဝမ်ပေါင်ရောပေါ့နော်။ အဲတော့ အဲဒီနေရာမှာ အခု NLD အစိုးရ တက်လာတော့ နောက်ထပ် တရုတ်က ထပ်ချဲ့တဲ့ ပင့်ကူမျှင်ထဲမှာ NLD က ဆုံးဖြတ်ရတော့မှာပေါ့။ အဲတော့ ကျနော်ကတော့ NLD အစိုးရ အနေနဲ့ ကိုယ့်နိုင်ငံ အကျိုးစီးပွား မယုတ်အောင်သာလျင် လုပ်ပြီးတော့ သူတို့ တရုတ်က လုပ်လာတဲ့ ပရောဂျက် စီမံချက်ကြီးတွေ ပေါ်မှာ ကျနော်တို့ ကိုယ့်နိုင်ငံ အကျိုးစီးပွားကို လုပ်လို့ ရသလောက် ကာကွယ်နိုင်ဖို့ ကြိုးစားဖို့ လိုတယ်လု့ိ ကျနော် မြင်ပါတယ်။ ကျနော် စိုးရိမ်တာကတော့ နိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ နိုင်ငံရဲ့ လုံခြုံရေးထောင့်က ကြည့်ရမယ့် အရာတွေမှာ တရုတ်က ထိုးဖောက် ဝင်ရောက်လု့ိ ရှိရင် ကျနေ်ာတို့ တိုင်းပြည် လုံခြုံရေးလည်း ထိခိုက်နိုင်တယ်။ နောက်တခါ အရင်းအမြစ်တွေလည်း ကုန်ဆုံးနိုင်တယ်။ "

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် CMEC (China Myanmar Economic Corridor) မှာပါမယ့် စီမံကိန်းပေါင်း ၁၂ ခုလောက် လုပ်ဖို့ရှိပြီး အဲဒီထဲမှာ ရထားလမ်းအပြင် စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာလာနေ့က နေပြည်တော်မှာလုပ်တဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု OBOR စီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီအစည်းအဝေးမှာတော့ အဲဒီကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ စီမံကိန်းတွေကို လက်ခံရာမှာ ပြည်တွင်း လုပ်ထုံးလုပ်နည်းတွေ၊ ပြည်တွင်း စီမံကိန်း မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို အသေအချာ စိစစ်ပြီးမှ လက်ခံဖို့ လိုကြောင်း တိုက်တွန်းခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ဧပြီလအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပဖို့ရှိတဲ့ ဒုတိယအကြိမ် OBOR ညီလာခံကို တက်ရောက်ဖို့ရှိပြီး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းနဲ့ ဆိုင်တဲ့ စီမံကိန်းတွေအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးသွားဖို့ရှိကြောင်း ပြည်တွင်းက လာတဲ့သတင်းတွေမှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG