သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ ရထားလမ်းသစ်ဖွင့်လှစ်


ဓာတ်ပုံ - တရုတ်သံရုံး။
ဓာတ်ပုံ - တရုတ်သံရုံး။

(Zawgyi / Unicode)

တရုတ်အနာက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ချုံချင့်မြို့ကနေ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်ကိုဖြတ်ပြီး မြန်မာနိုင်ငံ မန္တလေးတိုင်း အထိ ဆက်သွယ်ထားတဲ့ ရထားလမ်းသစ် လမ်းပိုင်းကို ဖွင့်လိုက်ပြီလို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကားလမ်း-ရထားလမ်း ပူးပေါင်းစနစ်နဲ့ သယ်ပို့မယ်လို့ ရေးပါတယ်။ ဒီလိုကားလမ်း-ရထားလမ်း သယ်ပို့စနစ် စတင်မယ်ဆိုပေမဲ့ မြန်မာပြည်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဖို့ တရုတ်က တုံ့ဆိုင်းနေတယ်လို့ လေ့လာသူတွေ ယူဆကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရဲမွန် တင်ပြပေးပါမယ်။

တရုတ်ချုံချင့်မြို့ကနေ မန္တလေးတိုင်းကို ၁၅ရက်အတွင်းရောက်နိုင်မယ့် ကီလိုမီတာ ၂,၀၀၀ လောက်ရှည်တဲ့ ချုံချင့်- လင်ချန်း- မြန်မာ ရထားလမ်းပိုင်း ဖွင့်လိုက်ပြီလို့ တရုတ်သံရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ တကယ်တော့ တရုတ်စီချွမ်ခရိုင်ကနေ ထွက်လာမယ့် ကုန်ရထားဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ ကီလိုမီတာ ၂,၀၀၀ ခရီးကို တိုက်ရိုက်မောင်းလာမှာ မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ တရုတ်ရထားလမ်းနဲ့ ချိတ်ဆက်မယ့် ရထားလမ်းပိုင်း မရှိသေးတဲ့အတွက် ဖြစ်ပါတယ်။ ရထားနဲ့သယ်လာတဲ့ ကုန်တွေကို နှစ်နိုင်ငံကြားက ချင်းရွှေဟော် နယ်စပ်ဂိတ်မှာ မြန်မာကားတွေနဲ့ ပြောင်းသယ်ပြီး အခွန်ဆောင် ဝင်လာမှာ ဖြစ်ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သည်များ အသင်းရဲ့ တာဝန်ရှိသူ ဒေါ်နန်းဆိုင်မ်က အခုလိုပြောပါတယ်။

" သူ (တရုတ်သံရုံး) ဆိုလိုတာက သူတို့လည်း မီဒီယာမှာ ကြေညာ ချင်တဲ့အခါကျတော့ လုံးလိုက်တာ။ လားရှိုးအထိပဲ ရထားကရောက်သလိုလို၊ မန္တလေးအထိ ရထားကရောက်နေသလိုလို။ အမှန်ကအဲလိုမဟုတ်ဘူး သူတို့ရဲ့စီမံကိန်းက ခုကန လင်ချန်းကနေ မန္တလေးအထိကို ရထားလမ်းစီမံကိန်းရှိတယ် နံပတ်တစ်အချက်။ ဒါပေမဲ့ အဲဒီစီမံကိန်းကို သူတို့လုပ်နေတာကကျတော့ လင်ခန်းအထိပဲ ပြီးသေးတယ်။ မီးရထားပေါ်က ခုနကပစ္စည်းတွေကို ၂၂ဘီးကား တွဲကားတွေနဲ့ ကွန်တိန်နာဘောက်စ်တွေနဲ့ထည့်ပြီး မြန်မာပြည်ထဲဝင်လာပြီး ချင်းရွှေဟော်ဖောင်ဆိပ်မှာ အခွန်ဆောင်မယ်။ ပြီးရင် ဗမာပြည်ထဲကိုဆက်လာမယ်။ လင်ချန်းအထိပဲ မီးရထားလမ်းကရှိတယ် လင်ချန်းမီးရထားလမ်းကနေ ဗမာပြည်မန္တလေးအထိကို ကားလမ်းနဲ့ပဲ သွားမှာပါ။"

တရုတ်နယ်စပ်ကနေ မြန်မာပြည်ထဲကိုဝင်မယ့် ရထားလမ်းနဲ့ ဥမင်လှိုဏ်ခေါင်းတချို့ တည်ဆောက်နေတာကိုတော့ တရုတ်အစိုးရက ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ အပြီးမသတ်သေးဘူးလို့ နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ ကုန်စည်ကူးသန်းရောင်းဝယ်မယ့် ဒီရထားလမ်းပိုင်းဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု RCEP ကို ပံ့ပိုးပေးနိုင်တဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေကြားက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်မယ့်ကိစ္စကိုတော့ မေးခွန်းထုတ်နေကြပါတယ်။ လုံခြုံရေးအခြေအနေကြောင့် တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပြန်စနိုင်လိမ့်မယ်လို့ မထင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) က ပြောပါတယ်။

" သူတို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ ကျနော်တို့ဘက်မှာလည်း ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်တွေက NLD အစိုးရလက်ထက်ကတည်းက ထိုးထားပြီးသားရှိတယ်။ ဆက်လုပ်ဖို့ကိစ္စက မြန်မာပြည်ထဲက နဂိုရည်ရွယ်ထားတဲ့လုပ်ငန်းတွေ ဆက်လုပ်ဖို့ကိစ္စက တရုတ်ဘက်အနေနဲ့ဆို အခုဟာက ပြည်တွင်းမှာ လုံခြုံရေးအရ အာမခံချက်မရှိသေးတဲ့ အောက်မှာ သူတို့က နည်းနည်းတုံ့ဆိုင်းနေတာပေါ့။ ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့တဲ့အချိန်မှာလည်း သူက (တရုတ်က) နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို အာမခံနိုင်ဖို့ကိစ္စတွေ နိုင်ငံရေးအရ ပြေလည်မှဖြစ်မယ် ဆိုတဲ့ဟာမျိုးတွေ ဆွေးနွေးခဲ့တယ်လို့ သိလိုက်ရတယ်လေ။ လုံခြုံမှုမရှိဘဲနဲ့တော့ သူတို့လုပ်ငန်းတွေက လာမယ်လို့ကျနော်က မယူဆဘူး။"

လက်ရှိမှာ တရုတ်ဘက်က မြန်မာပြည်ရဲ့လုံခြုံရေးအပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် သူ့ရဲ့ရင်းနှီးမြှုပ်နှံ့မှုတွေကို စောင့်ကြည့်နေပေမဲ့လည်း နှစ်နိုင်ငံသဘောတူညီမှုရထားတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဆက်လုပ်လိမ့်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စီးပွားရေး သဘောတူညီချက် ၃၃ခုကို မြန်မာအစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲမှာ မန္တလေးတိုင်းဒေသကြီးနဲ့ ယူနန်ပြည်နယ်အကြား မြန်မာ့စီးပွားရေးစင်္ကြန် CMEC ရဲ့ (BRI ရဲ့အစိတ်အပိုင်း) မူဘောင်အောက်ကနေ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု MoU စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကပ်ရောဂါနဲ့ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ တရုတ်အစိုးရက ရပ်ဝန်းနဲ့ပိုးလမ်းမ BRI စီမံကိန်းကို ဆက်ပြီးအကောင်အထည် ဖော်နေပုံရတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ လက်ရှိပြည်တွင်းက ပဋိပက္ခအခြေအနေတွေကလည်း တရုတ်- မြန်မာပိုပြီးနီးစပ်အောင် တွန်းပို့နေတဲ့ အခြေအနေမှာရှိနေတယ်လို့ နိုင်ငံတကာဆက်ဆံရေး ပညာရှင် ဒေါက်တာယဉ်မျိုးသူက ပြောပါတယ်။

" နိုင်ငံအပေါ်မှာ ဒီလိုမျိုး sanction ရှိနေရင်တော့ သူrelyလုပ်ရမယ့်၊ partner လုပ်ရမယ့်ဟာကို ရှာမှာပဲလေနော်။ ရှာတဲ့အခါကျတော့ ဒီလိုnational interest ကို လိုချင်တဲ့အခါကျ စွန့်လွှတ်ရတဲ့ကိစ္စတွေ ရှိတာပေါ့နော်။ အဲဒီအခါကျ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ဒါကအိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ် ဒါကရထားလမ်းနဲ့ ပတ်သက်တာဆိုရင် ရထားတွဲပေါ်မှာ ဘာပါလာမလဲဆိုတဲ့ဟာက ဟိုးအရင်ကတည်းက မြန်မာနိုင်ငံက ဒီကိစ္စနဲ့ပတ်သက်လို့ အရမ်းသတိထားတယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို တရုတ်ဘက်ကို ပိုပြီးတွန်းပို့သလိုမျိုး ဖြစ်နေတာပေါ့နော် ကျမမြင်တာကလေ။ ကျမတို့က foreign direct investment ကို ကြည့်မယ်ဆိုရင် တရုတ်ကအများဆုံး၊ ပြီးရင် နိုင်ငံတကာ အသိုင်းအဝန်းမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို အကာအကွယ်ပေးနေတာလည်း တရုတ်နဲ့ ရုရှားပဲရှိတဲ့အခါကျတော့ ဒီအပေါ်မှာ မြန်မာနိုင်ငံအတွက်က လိုက်လျောရမယ့်အချက် ဖြစ်လာတာပေါ့နော်။"

တရုတ်ချုံချင်းကနေ ပထမဦးဆုံးထွက်လာတဲ့ ရထားပေါ်မှာ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆိုင်ကယ်အပိုပစ္စည်းတွေ သယ်လာပြီး၊ ဒီပစ္စည်းတွေဟာ မန္တလေးကို ၁၅ရက်အကြာမှာ ရောက်လိမ့်မယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါက ပုံမှန်ကုန်သွယ်ရေးထက် ကုန်ကျစရိတ်ကို ၂၀ရာခိုင်နှုန်း လျှော့ချနိုင်မယ်လို့ တရုတ်ဘက်က ခန့်မှန်းထားပါတယ်။

ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေး အားနည်းနေတဲ့အချိန်မှာ မဲခေါင်ဒေသတွင်းမှာ စီးပွားရေးတိုးတက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ မဲခေါင်မြစ်တလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ငါးနိုင်ငံကြား ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ အထိရှိခဲ့တယ်လို့ ဧပြီလ၇ရက်မှာလုပ်တဲ့ ၂၀၂၂ လန်ချန်း- မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဖွင့်ပွဲအခမ်းအနားမှာ တရုတ်အာဏာပိုင်တွေက ပြောခဲ့တာပါ။

တရုတ်၊ မြန်မာ ရထားလမ်းသစ်ဖွင့်လှစ်
please wait

No media source currently available

0:00 0:05:34 0:00
တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG