သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁ဝ၅ မိုင် တရုတ်မြန်မာနယ်စပ်ဂိတ်ပြန်ဖွင့် 


 တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)

တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်-ကျင်စန်းကျော့ဂိတ်ကို မေလ ၁၆ ရက် တနင်္လာနေ့ကစပြီး မြန်မာကုန်တင်ယာဉ်တွေ ဝင်ထွက်ခွင့် ပြန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အငှားယာဉ်မောင်းနဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

မူဆယ် ၁ဝ၅ မိုင် တရုတ်မြန်မာနယ်စပ်ဂိတ်ပြန်ဖွင့်

{{Zawgyi/Unicode}}
တရုတ် - မြန်မာ အဓိကနယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် -ကျင်စန်းကျော့ဂိတ်ကို မေလ ၁၆ ရက် တနင်္လာနေ့ကစပြီး မြန်မာကုန်တင်ယာဉ်တွေ ဝင်ထွက်ခွင့် ပြန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အငှားယာဉ်မောင်းနဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

မူဆယ် ၁၀၅ မိုင် တရုတ် - မြန်မာ အဓိကနယ်စပ်ဂိတ် ကျင်စန်းကျော့ကို မေလ ၁၆ ရက်၊ တနင်္လာနေ့ကစပြီး မြန်မာကုန်တင်ယာဉ်ဝင်ထွက်ခွင့် ပြုလိုက်ပါတယ်။ အရင်က မြန်မာကုန်တင်ယာဉ်တွေ တိုက်ရိုက်ဝင်မရလို့ ခေါက်တိုခတွေ ဈေးနှုန်းမြင့်ခဲ့ပြီး အခုလို မြန်မာကုန်တင်ယာဉ်ဝင်ထွက်ခွင့်ကို တရုတ်ဘက်က ပြန်ခွင့်ပြုလိုက်လို့ ကုန်ကျစရိတ် တော်တော်လေးသက်သာသွားနိုင်တယ်လို့ မူဆယ်ဆန်ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

"အခု မေလ ၁၆ ရက်နေ့ကစပြီးတော့ ကျင်စန်းကျော့ဂိတ်ကနေပြီးတော့ မြန်မာကားတွေ ကုန်ပစ္စည်းမျိုးစုံတင်ပြီးတော့ တရုတ်နိုင်ငံကို ဝင်ခွင့်ထွက်ခွင့်ပြုတယ် ဆိုပြီးတော့ သတင်းထွက်လာတယ်။ အစားထိုး ယာဉ်မောင်းနဲ့ပဲပေါ့နော်။ မိမိကားတော့ မိမိမောင်းလို့ မရဘူး။ ဗမာကားတွေမောင်းတဲ့ ဒရိုင်ဘာတွေက ကျင်စန်းကျော့မှာ နေခဲ့ရမယ်။ ဒီကားကို တရုတ်ပြည်ထဲကို တရုတ်ဒရိုင်ဘာတွေ အစားထိုးယာဉ်မောင်းတွေနဲ့ မောင်းသွားမယ်။ ကုန်ချိန်းစရာ မလိုတော့ဘူး။ ကုန်ချပြီးလို့ရှိရင် တရုတ်ပြည်က ကုန်ပစ္စည်းမျိုးစုံတင်ပြီးတော့ အစားထိုးယာဉ်မောင်းတွေနဲ့ပဲ ဗမာပြည်ကိုပြန်လာမယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်ခင်ဗျ။"

ကျင်စန်းကျော့ဂိတ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကစပြီး ကိုဗစ်တတိယလှိုင်းအတွင်းမှာ တရုတ်ဘက်က ဝင်ထွက်ခွင့် ပိတ်ထားခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာတော့ ဂိတ်ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာကုန်တင်ကားတွေ တိုက်ရိုက်ဝင်မရဘဲ တရုတ်ကုန်တင်ကားတွေနဲ့သာ ဝင်ထွက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ အရင်က တန် ၅၀ ဆံ့တဲ့ ဆန်အိတ်တင် တွဲကားတစီးကို မြန်မာကုန်တင်ယာဉ်နဲ့ တိုက်ရိုက်ဝင်ထွက်ခွင့်ရှိခဲ့လို့ ခေါက်တိုခ ကျပ် ၁၀ သိန်းလောက်သာ ကျခဲ့တာပါ။ ဒါပေမဲ့ ကန့်သတ်ချက်တွေကြောင့် တရုတ်ကုန်တင်ကားတွေနဲ့ တင်ပို့ရတော့ ခေါက်တိုခက ကျပ် သိန်း ၁၀၀ လောက်ထိ ဖြစ်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ကုန်တင်ကား တခုတည်းကိုသာ အားကိုးခဲ့ရချိန်က ကုန်ကျစရိတ် များခဲ့လို့ ဈေးမြင့်ခဲ့တဲ့ ကုန်စည်တချို့လည်း ဈေးကျသွားနိုင်တယ်လို့ ကုန်သည်တချို့က ခန့်မှန်းနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကန့်သတ်ချက်တွေကြောင့် တရုတ်ဘက်က ကုန်စည်စီးဆင်းမှုအပေါ် တင်းကြပ်ခဲ့တာ အခုတော့ ကပ်ရောဂါကူးစက်နှုန်းကျဆင်းလာလို့ ဖြေလျှော့တာတွေလုပ်လာတာ ဖြစ်နိုင်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

"သူတို့က ဒီလိုဗျ။ ကိုဗစ်ရောဂါပိုးကို အကြောင်းပြတာပေါ့။ ဒီကိုဗစ်ရောဂါပိုးကို ကျနော်တို့ မြန်မာနိုင်ငံထဲကနေပြီးတော့ ကုန်တွေကတဆင့်၊ လူတွေကတဆင့်၊ ဒရိုင်ဘာတွေကတဆင့် သူတို့နိုင်ငံထဲကို ကိုဗစ်ရောဂါပိုးတွေ ဝင်လာမယ်ဆိုပြီး သူတို့က အထက်ကညွှန်ကြားတဲ့အတိုင်း ပိတ်ရတာပေါ့။ အခုတဖြေးဖြေးတော့ ဗမာပြည်မှာလည်း ကိုဗစ်ရောဂါပိုး သိပ်အများကြီး လျော့သွားတယ်။ ဖြေလျှော့မှုတွေလည်း အများကြီးလုပ်ထားတယ်။ နယ်စပ်ဒေသတလျှောက်မှာလည်း ကိုဗစ်ရောဂါပိုးက မရှိသလောက်ဖြစ်သွားတဲ့အတွက် သူတို့ကတော့ ဒီအခြေအနေကို ကြည့်ပြီးတော့ တဖြေးဖြေး ဖြေလျှော့ပေးခြင်းဖြစ်ပါတယ်။"

ကုန်စည်တင်ပို့မှုအပေါ် ၄ လကျော်လောက် ကန့်သတ်ခဲ့တာကနေ အခုလို မြန်မာကားတွေ တိုက်ရိုက်ပြန်ဝင်ခွင့်ပြုလိုက်တာဟာ စရိတ်စက သက်သာသွားနိုင်တယ်လို့ အာလူးကုန်သည်တဦးကလည်း ပြောပါတယ်။

"ခါတိုင်းပုံမှန်ကတော့ တရုတ်ကားက ဗမာဘက်က သတ်မှတ်ထားတဲ့ ကွင်းရှိတယ်ပေါ့နော်။ အဲဒီကွင်းမှာ ဗမာကားတွေနဲ့ ကုန်ချိန်းပြီးတော့ တရုတ်ပြည်ထဲကို ဝင်ရတာပါ။ အခုကတော့ ကားငှားရမ်းခတွေတော့ သက်သာသွားနိုင်တယ်ဗျ။ တရုတ် ၁၂ ဘီး တစီးဆိုရင် ပစ္စည်းပေါ်မူတည်ပြီးတော့ ဥပမာ - အသီးအနှံဆိုရင် တဈေးပေါ့။ အသီးအနှံဆိုရင်တော့ ဈေးကသက်သာတယ်။"

ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မူဆယ် ၁၀၅ မိုင်က မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ ဒီဂိတ် ၃ ခုကို တရုတ်ဘက်က ၂၀၂၀ ဧပြီလကတည်းက ပိတ်ထားတာပါ။ ပန်ဆိုင်းဂိတ်ကိုလည်း မကြာခဏဆိုသလို ပိတ်လေ့ရှိပါတယ်။ အခု ကျင်စန်းကျော့ဂိတ်တခုကိုပဲ ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေ တဖြေးဖြေးဖြေလျှော့ပြီး ဖွင့်ပေးနေတာပါ။ တရုတ်ကုန်တင်ယာဉ်နဲ့သာ ကုန်စည်တင်ပို့ခွင့် ပြုခဲ့ရာကနေ အခုလို မြန်မာကုန်တင်ကားတွေကို ပြန်လည်ဝင်ရောက်ခွင့် ပြုလိုက်တာပါ။

တိုက်ရိုက် လင့်ခ်

.......................................................


{{Zawgyi/Unicode}}









XS
SM
MD
LG