တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ပြည်သူ့ ခန်းမဆောင်ကြီးမှာ ဒီကနေ့ တနင်္ဂနွေနေ့ စတင်လိုက်တဲ့ နှစ်ပတ်လည် လွှတ်တော် ညီလာခံမှာတော့ နိုင်ငံတဝန်းက စုစည်းရောက်ရှိလာကြတဲ့ ထောင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။
အခု ၂၀၁၇ ခုနှစ်မှာ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး GDP ကို ၆ ဒသမ ၅ ရာခိုင်နှုန်းလောက် အထိ တိုးချဲ့ချင်တယ်လို့ တရုတ် ဝန်ကြီးချုပ် လီခကျင်း က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းလောက် အထိ ရည်မှန်းထားခဲ့ပြီး ဖွံ့ဖြိုးမှုနှုန်းက ၆ ဒမသ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၆ နှစ်တာ ကာလ အတွင်း အနှေးကွေးဆုံး ဖြစ်ပါတယ်။
နိုင်ငံရဲ့ အရေးကြီးဆုံး ပြသနာ တခုဖြစ်တဲ့ လေထု ညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်ရေး လုပ်ဖို့ ဝန်ကြီးချုပ်က ကတိပြု ပြောဆိုပါတယ်။ လေထုညစ်ညမ်းမှုကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေး ဆိုတဲ့ နေရာမှာ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဝန်ကြီးချုပ် လီက ပြောဆိုပါတယ်။ ရေထု နဲ့ မြေထု ညစ်ညမ်းမှုတွေကို ထိန်းချုပ် ကာကွယ်ရေး ပိုပြီး အားကောင်းလာစေဖို့ ဆောင်ရွက်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်တွေကို တရုတ် လူလတ်တန်းစားတွေကြား ပိုပြီး သိရှိနားလည်လာတာကြောင့် လေထု ညစ်ညမ်းစေတဲ့ စက်ရုံတွေ၊ စွန့်ပစ် ပစ္စည်းတွေကို မီးရှိုှုှုတဲ့ စက်ရုံတွေ တည်ဆောက်မှုတွေ အပေါ် နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြမှုတွေလည်း တိုးလာခဲ့တာပါ။ တရုတ် အစိုးရ အနေနဲ့ ကားတွေက ဓာတ်ငွေ့ ထုတ်လွှင့်မှုကို ကိုင်တွယ်နိုင်ဖို့ အတွက် လက်ရှိ အသုံးပြု မောင်းနှင်နေတဲ့ ကားဟောင်းတွေကို ဖယ်ရှားပြီး သန့်စင်တဲ့ စွမ်းအင်သုံး ကားတွေ ပိုပြီး အသုံးပြုလာအောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ် လီခကျင်းက ပြောဆိုသွားပါတယ်။