မြန်မာနိုင်ငံ မြဝတီဘက်က လူလိမ်ဂိုဏ်းတွေထဲ ရောက်နေကြတဲ့သူတွေကို ကူညီနိုင်ဖို့ တရုတ် နဲ့ ထိုင်း လုံခြုံရေး အာဏာပိုင်တွေဟာ တက်ခရိုင်က ထိုင်းမြန်မာ နယ်စပ်ဒေသတွေကို ဗုဒ္ဓဟူးနေ့က သွားရောက် ကြည့်ရှုကြတယ် လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
လူလိမ်ဂိုဏ်းတွေ ကြီးစိုး နေတဲ့ မဲဆောက်၊ ဖုတ်ဖရနဲ့ မဲ့ရာမက် ဒေသတွေက ခရိုင်ရဲအရာရှိတွေကို ဖယ်ရှားလိုက်ပြီး နောက်တရက်မှာ ခုလို သွားကြည့်ကြတာပါ။ တရုတ် လုံခြုံရေး လက်ထောက် ဝန်ကြီး Liu Zhongyi ဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့ ဟာ ဗုဒ္ဓဟူးနေ့က မဲဆောက်လေဆိပ်ကို ရောက်ရှိလာကြရာမှာ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲ ဗိုလ်ချုပ် Samrit Amkamol က ကြိုဆိုခဲ့ပါတယ်။
KK Park ကာစီနိုကို ကောင်းကောင်းမြင်ရတဲ့ မဲ့ခူမိုင် တာစွန်း ရွာကိုလည်း သွားရောက်ခဲ့ကြတယ်လို့ သတင်းမှာ ပြောပါတယ်။ အဲဒီ အလိမ်အညာ လုပ်ငန်းတွေမှာ အလိမ်ခံ အလုပ်လုပ်နေကြတဲ့ တရုတ်နိုင်ငံသား ၁၆၀ လောက်ကို ကူညီနိုင်မယ့် နည်းလမ်းရှာဖွေဖို့အတွက် တရုတ် ကိုယ်စားလှယ်အဖွဲ့က ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ပြောပါတယ်။
ဖုန်းနဲ့ ဆက်သွယ် လိမ့်ညာရာမှာ လူ ၁ သိန်းကျော်ကို ခန့်ထားတဲ့ လိမ်ညာတဲ့ ပင်မတရုတ်ဂိုဏ်းပေါင်း ၃၆ ခု ရှိပြီး အများစုက သူတို့ လူမျိုးတွေ ဖြစ်တယ်လို့ တရုတ်က ပြောကြောင်း ထိုင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေး ဗျူရို ကော်မရှင်နာမင်းကြီး ရဲဒုတိယ ဗိုလ်မှူးကြီး Trairong Phiwpan က တနင်္လာနေ့က ပြောပါတယ်။
Forum