သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီညီလာခံ လုံခြုံရေးတင်းကြပ်


တရုတ်ကွန်မြူနစ်ပါတီက ၁၉ ကြိမ်မြောက် ပါတီ ညီလာခံကို အခု အသံလွှင့်နေတဲ့ အချိန်မှာပဲ စတင် ကျင်းပနေပါပြီ။

၅ နှစ် တကြိမ် ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လေ့ရှိတတ်တဲ့ ပါတီညီလာခံမှာ၊ သမ္မတ Xi က တရုတ်နိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဘယ်လို ဆက်ထိန်း ထားမလဲဆိုတာကို လူအတော်များများက စိတ်ဝင်စားနေကြပါတယ်။ ဒီညီလာခံဟာ လာမယ့်(၅)နှစ်အတွက် အစိုးရရဲ့ စီးပွားရေးမူဝါဒကို ရေးဆွဲဖို့လည်း ဖြစ်တာမို့ သိပ်အရေးပါနေတာပါ။

ပါတီညီလာခံ ကျင်းပမှာမို့ တရုတ်နိုင်ငံတဝှမ်း လုံခြုံရေးတွေ တင်းတင်ကြပ်ကြပ် ချထားသလို ကွန်ပြူတာ အွန်လိုင်း စောင့်ကြည့် ထိန်းချုပ်မှုတွေကိုပါ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ပါတီညီလာခံ တုန်းက Xi ဟာ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ အရင်သမ္မတ Hu Jintao နဲ့ ပါတီခေါင်းဆောင်ကြီး တဦးဖြစ်တဲ့ Jiang Zemin တို့ ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့သူ ဖြစ်ပေမယ့် သူသမ္မတ ဖြစ်လာခဲ့တဲ့ နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုတွေကြောင့် သူ့ပြိုင်ဘက်တွေထက် သာသွားခဲ့သလို အခုဆို သူဟာ ပါတီမှာ အခရာ ဖြစ်နေတာပါ။

တရုတ်နိုင်ငံမှာ အခြေခံ အဆောက်အဦ ဆိုင်ရာ တိုးတက်မှုတွေ ရှိလာသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြောင့် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောနေကြပေမယ့် တရုတ် ကွန်မြူနစ်ပါတီနဲ့ လူထုကြား ကွာဟမှုတွေက ရှိနေဆဲမို့ သမ္မတ Xi ဟာ ပြည်သူရဲ့ ထောက်ခံမှု အပြည့်အဝ ရဖို့ ကြိုးစားရလိမ့်အုံးမယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG