သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xi Jinping အတွေးအခေါ် ကျောင်းသုံးပြဋ္ဌာန်းရေး


၁၉ ကြိမ်မြောက်ပါတီညီလာခံ တက်ရောက်လာတဲ့ တရုတ်သမ္မတ Xi Jinping (အလယ်)
၁၉ ကြိမ်မြောက်ပါတီညီလာခံ တက်ရောက်လာတဲ့ တရုတ်သမ္မတ Xi Jinping (အလယ်)

တရုတ်နိုင်ငံတက္ကသိုလ် ၂၀ ကျေျာ် မှာ ရှီဂျင်းပင် အတွေးအခေါ်ဆိုတာကို မြှင့်တင်ဖို့ သုတေသနဌာနတွေ ဖွင့်လှစ်ထားပါတယ်။ နိုင်ငံတွင်း သြဇာအာဏာ ကြီးမားလာနေတဲ့ ခေါင်းဆောင် ရှီ ရဲ့အယူအဆတွေဟာ မကြာသေးခင်ကပဲ ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံမှာ ထင်ထင်ရှားရှားတွေ့လာရတာပါ။ VOA သတင်းထောက် Joyce Huang Beijing မြို့တော်ကပေးပို့တဲ့ သတင်းလွှာကိုတော့ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

ရှီအတွေးအခေါ်လေ့လာရေး ဟာ ထိပ်တန်းခေါင်းဆောင်ကြီးရဲ့အုပ်ချုပ်ရေး သဘောတရားတွေကို ပထမဆုံးဖွင့်ဆိုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေရရှိရေး အတွက် တက္ကသိုလ်တချို့အပြိုင်ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ဒါဟာတက္ကသိုလ်တွေအပေါ် နိုင်ငံရေးအရ ပိုမိုထိန်းချုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သုံးသပ်သူတချို့ကမြင်ကြပါတယ်။

ဒါဟာ ပညာရေးနဲ့လုံးဝမဆိုင်ပါဘူး၊ နိုင်ငံရေးအရထိန်းချုပ်ဖို့ အားထုတ်ခြင်း သာ ဖြစ်တယ် လို့ California Riverside တက္ကသိုလ်က တရုတ်အရေးကျွမ်းကျင်သူ Perry Link က တဆင့် VOA ကိုပြောပါတယ်။

“ ခေတ်သစ်အတွက် တရုတ်နည်းတရုတ်ဟန် ဆိုရှယ်လစ်ဝါဒ အပေါ် ရှီဂျင်းပင် ရဲ့အတွေးအခေါ်” ကို ပါတီရဲ့လမ်းည္ဆန်မူဝါဒ အဖြစ်ခံယူဖို့ ဆိုတာ ပြီးခဲ့တဲ့အပတ် ၁၉ ကြိမ်မြောက်ပါတီညီလာခံ က တခဲနက်မဲပေးခဲ့ကြတာပါ။

ရှီကျင်းပင် ဟာ သူ့ရဲ့အတွေးအခေါ်ကို ၃နာရီခွဲကြာပါတီအဖွင့် အစီရင်ခံစာမှာ ထည့်သွင်း တင်ပြ သွားခဲ့တာဖြစ်ပြီး နောင်နှစ်ပေါင်း ၅၀ အတွက်လမ်းပြမြေပုံကိုချမှတ်သွားတာပါ။

ဒီလုပ်ရပ်ကြောင့် အသက်၆၄နှစ်အရွယ် ရှီရဲ့ နိုင်ငံရေးပုံရိပ်ကို ဥက္ကဋ္ဌကြီးမော်ရဲ့ အဆင့်အတန်းမျိုး ရုတ်ချည်းမြင့်တက်လိုက်တာဖြစ်ပြီး မော်စီတုန်းရဲ့ အတွေးအခေါ်ကိုလည်း ရှီရဲ့ အတွေးအခေါ်လိုပဲ လေ့လာသင်ယူရမယ့် အဆင့် အထိဖြစ်လာခဲ့တာပါ။ ချက်ခြင်းဆိုသလိုပဲ Beijing က Renmin တက္ကသိုလ်က ရှီရဲ့ နိုင်ငံရေးလေ့လာရေး ထိပ်တန်းပညာရှင်တွေရဲ့ သုတေသနအဖွဲ့တခုကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ရှီအတွေးအခေါ်ကို တနိုင်ငံလုံးကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းသားတွေရဲ့ ဦးနှောက်ထဲရောက်အောင် ဆောင်ရွက်သွားမယ်လို့ တရုတ်အစိုးရအာဘော် ဘေဂျင်းနေ့စဉ်သတင်းစာမှာ ရေးသားထားပါတယ်။

နောက်တပတ်အတွင်းမှာပဲ တက္ကသိုလ်ပေါင်း ၂၀ ကလည်း အလားတူ သုတေသန အဖွဲ့အစည်းတွေ ဖွဲ့စည်းလိုက်ကြပါတယ်။ သို့သော်လည်း ရှီရဲ့ အတွေးအခေါ်ဟာ မော်စီတုန်းအတွေးအခေါ်လို ရေးသားထားပြီး သမိုင်းကြောင်းနဲ့ရှိ လာခဲ့တာ မဟုတ်တဲ့ အတွက် ဘာသာရပ်အနေနဲ့ လေ့လာရေးကိစ္စအတွက် ငွေကြေး အထောက်အပံ့ရရှိရေးနဲ့ ဒီအတွေးအခေါ်ကို အရင်ဆုံး ရှင်းပြနိုင်တဲ့ဌာနဖြစ်ရေးအတွက် တက္ကသိုလ်တွေက အပြိုင်အဆိုင်ကြိုးပမ်းကြလိမ့်မယ်လို့ ဟောင်ကောင်တက္ကသိုလ်လူမှုရေးသိပ္ပံ ပါမောက္ခ David Zweig ကဆိုပါတယ်။

" အခုလောလောဆယ်မှာတော့ ရှီဂျင်းပင် အတွေးအခေါ်ရဲ့အဓိကကျောရိုးမဏ္ဍိုင်က ဘာလဲဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးပမ်းမှုတွေ အများကြီးပဲရှိနေပါတယ်။ ဆိုတော့ ဒီကိစ္စကိုအရေးကြီးဆုံးဖွင့်ဆိုနိုင်ဖို့အတွက် တက္ကသိုလ်တွေအကြား ပြိုင်ဆိုင်မှုတွေ ရှိမှာဖြစ်ပါတယ်။ လူထုကြားရေပန်းစားအောင်လုပ်တာ လူထုစုပေါင်းပါဝင်လာအောင် လုပ်တာတွေ ဟာ ပါတီအင်အား တည်ဆောက်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒါဟာလုပ် ရိုးလုပ်စဉ်ပါ။"

ပါတီအပေါ်မှာ သစ္စာရှိတဲ့ကျောင်းသူကျောင်းသားတွေရဲ့ သင်ရိုးမှာ ခေါင်းဆောင်ကြီးရဲ့ အဓိက အယူအဆတွေကို ထည့်သွင်းသင်ကြားပေးမှာဖြစ်ပြီး ဒါကို အလွတ်ရနေအောင် ကျက်ခိုင်းလိုက်မယ်လို့လည်း ပါမောက္ခ David Zweig က ဆိုပါတယ်။

"သြဇာအာဏာရှိတဲ့ခေါင်းဆောင်တယောက်ရှိလာရင်တော့ လူတွေက မှားမှာကို စိုးရိမ်လာကြပါတယ်။ ဒါကြောင့် ရီဂျင်းပင် အတွေးအခေါ်တွေရှုဒေါင့်က ကြည့်ပြီး မူဝါဒတွေ၊ ဘာတွေမှားနေသလဲ အုပ်ချုပ်ရေးစနစ် မှန်ရဲ့လား စသဖြင့် စဉ်းစားသုံးသပ်လာကြပါလိမ့်မယ်။"

ဒါပေမဲ့ Tiananmen အရေးအခင်းမှာပါဝင်ခဲ့တဲ့ Wu’er Kaixi ကတော့ ဒီကိစ္စ အကောင်း မမြင်ပါဘူး။ တရုတ်နိုင်ငံဟာ ရှီကျင်းပင်ရဲ့ အာဏာရှင်အုပ်ချုပ်ရေးနဲ့ တခြားနိုင်ငံတွေကို လွှမ်းမိုးဖို့ အားထုတ်ပြီး လမ်းမှားကို လိုက်နေတာလို့ဆိုပါတယ်။ ဒီအစီအစဉ်ဟာ တက္ကသိုလ်တွေကို နိုင်ငံရေးအရ ထိန်းချုပ်ဖို့ ခြေလှမ်းသစ်တရပ်ဖြစ်တယ် ဘာမှမထူးဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ရှီအတွေးအခေါ် လေ့လာရေးအပေါ် ပြည်သူလူထုရဲ့သဘောထားကတော့ အတော်လေး စိတ်ဝင်တစား ရှိကြပါတယ်။ တရုတ်ပြည်ရဲ့တွစ်တာလို့ခေါ်ရမယ့် Sina Weibo အင်တာနက် စာမျက်နှာမှာ ရှီရဲ့အတွေးအခေါ်ဟာ စူပါပါဝါလို့ခေါ်တဲ့ အင်အားလွန်နိုင်ငံကြီးတခုရဲ့ မဟာဗျူဟာနဲ့ကိုက်ညီအောင် လုပ်ဆောင်ရတာဖြစ်တယ်လို့ Marxism မာတ်စ်ဝါဒရဲ့ သဘောသဘာဝကို ခေတ်နဲ့အညီ အဆင့်မြှင့်လိုက်တာဖြစ်တယ်လို့ တချို့ ကရေးသားပါတယ်။ နောက် တချို့ကတော့ ဒီလို brainwash လုပ်တာ လူတွေကို ဦးနှောက်ထဲ ရိုက်သွင်းတာမျိုး အလုပ်သမားတွေက လက်ခံလိမ့်မယ် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဘေဂျင်းမှာရှိနေတဲ့ ကောလိပ်ကျောင်းသားတချို့ကတော့ ဒါဟာ brainwash လုပ်တာမဟုတ်ပါဘူး။ ဘာကြောင့်လုပ်ရသလဲ တခုခုဟာ ဘာကြောင့်ဖြစ် လာရသလဲဆိုတဲ့ မေးခွန်းမျိုးကို မေးခွင့်ရှိပါတယ်လို့ ဆိုပါတယ်။

" ကျနော်တို့က ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ပုဂ္ဂိုလ်ရေးအယူအဆကို စွန့်လွှတ်ချင်ကြပါတယ်။ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက်ဆိုရင် အထက်ကလာတဲ့ အယူအဆတွေကို လက်ခံကြပါတယ်။ ကျနော်တို့ရဲ့လက်ရှိနိုငိငံရေးသင်ရိုးထဲမှာ လက်ရှိနိုင်ငံရေးရာ မူဝါဒတွေအကြောင်းသင်ငရပါတယ်။ တိုင်းပြည်ရဲ့မူဝါဒသစ်တွေ ပိုသိဖို့လိုအပ်ပါတယ်။ ဒါလိုအပ်ချက်ပါ၊ အချည်းနှီးမဟုတ်ပါဘူး။"

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အစိုးရဘာသာရပ်တက္ကသိုလ် Chinese Academy of Government က ပါမောက္ခတယောက်ကို ဗွီအိုအေက အင်တာဗျူးလုပ်ဖို့ ကြိုးပမ်းပေမဲ့ ဒါဟာ အတိမ်းအစောင်းမခံနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူက ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG