သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Xi Jinping ကို ဥက္ကဌကြီး မော်စီတုန်းနဲ့ တတန်းတည်း သတ်မှတ်


တရုတ်သမ္မတ ရှီကျင်းပင် ကွန်မြူနစ် ပါတီညီလာခံမှာ မိန့်ခွန်းပြော။
တရုတ်သမ္မတ ရှီကျင်းပင် ကွန်မြူနစ် ပါတီညီလာခံမှာ မိန့်ခွန်းပြော။

တရုတ် ကွန်မြူနစ်ပါတီရဲ့အခြေခံ ဥပဒေထဲမှာ သမ္မတ Xi Jinping ရဲ့ အမည်ကို မနေ့က ထည့်သွင်းလိုက်တာကြောင့် ကွန်မြူနစ် တရုတ်နိုင်ငံကို ထူထောင်သူ မော်စီတုန်းနဲ့ တတန်းတည်းလို ဖြစ်သွားပါတယ်။ တရုတ်နည်း တရုတ်ဟန် ခေတ်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်တဲ့ Xi ရဲ့ အတွေးအခေါ် အယူအဆတွေ အပါအဝင် အခြေခံ ဥပဒေ ပြင်ဆင် ချက်ကို ပါတီညီလာခံမှာ မနေ့တုန်းက အတည်ပြုခဲ့တာပါ။ ဒီအကြောင်း Victor Beattie ရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

၅ နှစ်တကြိမ်ကျင်းပတဲ့ ကွန်မြူနစ်ပါတီရဲ့ညီလာခံကို ဘေဂျင်းမြို့တော်မှာ ကျင်းပနေပါတယ်။ ဒီကနေ့မှာတော့ ပါတီရဲ့နိုင်ငံရေး ဥသျှောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်သစ်တွေကို ရွေးချယ်ပါလိမ့်မယ်။ သမ္မတ Xi ပဲ ပါတီ ခေါင်း ဆောင်အဖြစ် ဒုတိယ ၅ နှစ် သက်တမ်းကို နောက်တကြိမ်ထပ်ပြီး ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

“ အောင်မြင်တဲ့ လွှတ်တော်တခုပါပဲ။ တရုတ်နိုင်ငံ၊ တရုတ်ပြည်သူတွေနဲ့တောက်ပတဲ့ အနာဂတ်နဲ့အလားအလာတွေက လိုက်လျောညီထွေ ရှိနေပါတယ်။ ခိုင်မာအားကောင်းတဲ့ အနာဂတ်ကို ရှေ့ရှုပြီး အတိတ်က အောင်မြင်မှုတွေပေါ်မှာ ရဲရဲရင့်ရင့်နဲ့ ဆက်ပြီး တည်ဆောက်သွားကြဖို့ တိုက်တွန်းလိုပါတယ်လို့တရုတ်သမ္မတ ရှီကျင်းပင် ပြောသွားခဲ့တာပါ။ ”

သမ္မတရှီကျင်းပင်ရဲ့ အယူအဆက တရုတ်နိုင်ငံကို နှစ်ပေါင်း ၅၀ အတွင်း ခေတ်မီအားကောင်းတဲ့ ဆိုရှယ်လစ် နိုင်ငံတခုဖြစ် ထွန်းလာရေး ဆိုတဲ့ လမ်းကြောင်းပါပဲ။ အခြေခံဥပဒေ ပြင်ဆင်ချက်ထဲမှာ သမ္မတ Xi ရဲ့ အယူအဆတွေ ထည့်သွင်းခဲ့တဲ့ အတွက် သူက ခေတ်သစ် တရုတ်သမိုင်းမှာ အာဏာ အရှိဆုံး ပုဂ္ဂိုလ်တွေထဲမှာ တဦးအပါအဝင် ဖြစ်သွားပါတယ်။ ကွန်မြူနစ် တရုတ်နိုင်ငံ ထူထောင်သူ မော်စီတုန်းနဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတခု ဖြစ်လာအောင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ တိန့်ရှောင်ဖိန်တို့ နောက်ပိုင်း သမ္မတ Xi ဟာ ကွန်မြူနစ်ပါတီရဲ့အခြေခံ ဥပဒေ မှာ အမည်ဖော်ပြခံရတဲ့ တတိယမြောက် ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ပါတီရဲ့ အခြေခံ ဥပဒေ ပြင်ဆင် ဖြည့်စွက် ချက်ကြောင့် သမ္မတ Xi ဟာ ၂၀၂၂ ခုနှစ် ဒုတိယ သမ္မတသက်တမ်း ကုန်ဆုံးသွားသည့် တိုင်အောင် အာဏာဆက်ပြီး ရှိနေဦးမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဟောင်ကောင် တရုတ်တက္ကသိုလ် တရုတ်နိုင်ငံ လေ့လာရေးဌာနက ဧည့်ပါမောက္ခ Willy Lamကတော့ ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတရှီကျင်းပင်ကို ၂၁ရာစုရဲ့ မော်စီတုန်းဖြစ် အောင် လုပ်လိုက်တာပဲလို့ ဆိုပါတယ်။

“ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က ဘာသဘောလဲဆိုတော့ သမ္မတရှီအနေနဲ့ အာဏာကို ပုံမှန်၁၀နှစ်ထက်ပိုပြီးရနေမယ် ဆိုတဲ့သဘောပါ။ လွှတ်တော်အတွင်းဆွေးနွေးမှုတွေအရ သမ္မတရှီက ၂၁ကြိမ်မြောက်ပါတီညီလာခံကျင်းပတဲ့ ၂၀၂၇ခု နှစ်အထိအာဏာဆက်ယူထားနိုင်တယ်။ ဒါမှမဟုတ် သူ့ကျန်းမာရေးကခွင့်ပြုမယ်ဆိုရင် ၂၂ကြိမ်မြောက်ပါတီညီလာခံ ကျင်းပတဲ့ အချိန်အထိ သမ္မတရှီက အာဏာဆက်ရနေမယ့် သဘောပါ။ အဲဒီအချိန်ဆို သူ့အသက်က ၇၉နှစ် ရှိနေမှာပါ။ ”

လွန်ခဲ့တဲ့ ၅ နှစ် သမ္မတရှီရဲ့ ပထမ သမ္မတသက်တမ်းအတွင်း အောင်မြင်မှုတွေ အများအပြား လုပ်နိုင်ခဲ့ပြီး ကွန်မြူနစ်ပါတီ အတွင်း သူ့ရဲ့အုပ်စုကိုလည်း အခိုင်အမာ ထူထောင်နိုင်ခဲ့ပြီး အခုဆိုရင် ပါတီအတွင်း သူ့ရဲ့အုပ်စုက အကြီးမားဆုံး ဖြစ်နေပါ ပြီ။ ဒီအုပ်စုကပဲ သူ့ရဲ့အာဏာ သက်တမ်းရှည်ရေးကို ဝိုင်းပြီး ထောက်ခံကြမှာ အသေအချာပါပဲလို့လည်း ပါမောက္ခ Willy Lamကပြောပါတယ်။

သမ္မရှီကျင်းပင်က တရုတ်နိုင်ငံကို မဟာအင်အားကြီး နိုင်ငံတခုအဖြစ် အမေရိကန်နဲ့ ရင်ဘောင်တန်း နိုင်အောင် အားစိုက်ပြီး လုပ်နေတာလို့လည်း ဆိုပါတယ်။

“ သမ္မတရှီက သံယံဇာတနဲ့ စွမ်းအင်ကိစ္စတွေကို ပိုမြှင့်တင်ပြီး တရုတ်နိုင်ငံကို ကမ္ဘာ့အဆင့်မီ နိုင်ငံတခုဖြစ်လာအောင် အား သွန်ခွန်စိုက် လုပ်နေတာပါ။ တရုတ်နိုင်ငံဟာ အမေရိကန်ကို အမီလိုက်နိုင်ရေးနဲ့ အမေရိကန်ကို စိန်ခေါ်နိုင်မယ့် အာရှပစိဖိတ်က စံချိန်မီ မဟာအင်အားကြီး နိုင်ငံတခု ဖြစ်လာအောင် လုပ်နေတာပါ။ ကမ္ဘာ့နိုင်ငံတွေ အလယ်မှာ ဘဏ္ဍာရေး စီမန်ခန့်ခွဲ မှုအရရော၊ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ တံခါးဖွင့် စီးပွါးရေး လုပ်ငန်းတွေမှာပါ ဦးဆောင်ထိန်းကွပ်နိုင်တဲ့ နိုင်ငံတခု အနေအထားကို ရောက်လာအောင်လုပ်နေတဲ့သဘောပါပဲ။ ”

တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဥသျှောင်အဖွဲ့ အမြဲတမ်း ကော်မီတီ ၇ ဦးကို ဒီကနေ့ ရွေးချယ်ပါလိမ့်မယ်။ အထွေထွေ အတွင်းရေးမှုးက ဦးဆောင်တဲ့ အဲဒီဥသျှောင်အဖွဲ့ထဲမှာ သမ္မတရှီရဲ့ သစ္စာခံတွေပဲ ပါဝင်မယ့်သဘော ရှိတယ်လို့ဟောင်ကောင် တရုတ်တက္ကသိုလ် တရုတ်နိုင်ငံလေ့လာရေးဌာနက ဧည့်ပါမောက္ခ Willy Lam က ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG