သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးလှုပ်ရှားသူတဦး တရုတ်ပြန်လွှတ်


လူ့အခွင့်အရေးလှုပ်ရှားသူ Xu Zhiyong
လူ့အခွင့်အရေးလှုပ်ရှားသူ Xu Zhiyong

ထောင်ဒဏ်ချခံထားရတဲ့ ထင်ရှားတဲ့ အခွင့်အရေး လှုပ်ရှားသူ တဦးကို တရုတ် အစိုးရက လွှတ်ပေးလိုက်ပါတယ်။ ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရပြီးနောက်မှာ မနေ့ စနေနေ့က Xu Zhiyong ပြန်လွတ်လာတာပါ။

သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ ရှေ့နေဖြစ်သူက ပြောပေမယ့် တခြား အကြောင်းအရာတွေကိုတော့ မပြောပါဘူး။ အများပြည်သူ တည်ငြိမ်ရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် လူထုစည်းရုံးပွဲတခုကို ဦးဆောင်လှုပ်ရှားခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ၂၀၁၄ ခုနှစ်က ပြစ်ဒဏ်စီရင်ခံရတာပါ။ အစိုးရကို ဝေဖန်သူတွေကို နှုတ်ပိတ်သွားအောင် လုပ်တာမှာ ရေရေရာရာ မရှိလှတဲ့ ဒီစွဲချက်ကို သုံးတာလို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

Xu Zhiyong က အရပ်သားသစ် လှုပ်ရှားမှု - New Citizens Movement ရဲ့ တည်ထောင်သူ တဦးလည်း ဖြစ်ပါတယ်။ New Citizens Movement လှုပ်ရှားမှု ကွန်ယက်က ဘေဂျင်းမြို့တော်နဲ့ တခြား မြို့တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြခဲ့သူတွေ စုစည်းထားတဲ့ အဖွဲ့တခု ဖြစ်ပေမယ်လို့ အာဏာရ တရုတ် ကွန်မြူနစ်ပါတီရဲ့ မူလရည်မှန်းချက်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ New Citizens Movement ရဲ့ အတွေးအခေါ်က အစိုးရကို ဖြုတ်ချဖို့မဟုတ်ဘဲ ခိုင်မာလာဖို့ ဖြစ်တယ်လို့ Xu Zhiyong က ၂၀၁၀ ပြည့်နှစ်က အက်ဆေး တပုဒ်မှာ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်းမှာ လူတန်းစား တရပ်ကိုဖယ်ရှားပြီး တခြား လူတန်းစား တရပ်နဲ့ အစားထိုးဖို့မဟုတ်ဘဲ သဟဇာတဖြစ်လာစေဖို့ ဖြစ်တယ်လို့ ရေးသားခဲ့တာပါ။ နိုင်ငံတဝန်းမှာ လူထု အနေနဲ့ ညစာစားပွဲတွေမှာ စုစည်းတက်ရောက်ပြီး လူမှုရေးရာတွေကို ဆွေးနွေး ကြဖို့၊ နောက် အများပြည်သူဆိုင်ရာ နေရာတွေမှာ ဆိုင်းဘုတ်လေးတွေကိုင်ပြီး လူသိပ်မများတဲ့ လူထု ချီတက်ပွဲလေးတွေ လုပ်ကြဖို့ New Citizen Movement က အတွေးအခေါ် ဖြန့်တာပါ။

Xu Zhiyong ကို အနီးကပ် စောင့်ကြည့်မလား ၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်နဲ့ ထားမလားဆိုတဲ့ အပေါ် သူ့ကို ထောင်ခံသူတွေက သိလိုနေကြပါတယ်။ တရုတ်နိုင်ငံမှာ လူသိအများဆုံး လူ့အခွင့်အရေး အကျဉ်းသား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo သေဆုံးပြီးနောက် ရက်ပိုင်း အတွင်းမှာဘဲ Xu Zhiyong လွတ်မြောက်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG