သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရည်အသွေးအားနည်းမှုကြောင့် တရုတ်လက်နက်တင်ပို့မှုကျဆင်း


မြန်မာစစ်တပ် အဓိက လက်နက်ဝယ်ယူနေတဲ့ တရုတ်နိုင်ငံရဲ့လက်နက်တင်ပို့မှုဟာ အရည်အသွေးဆိုင်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လေးပုံတပုံနီးပါးကျဆင်းခဲ့ကြောင်း Directus အဖွဲ့ရဲ့အစီရင်ခံစာကို ကိုးကားပြီး ANI အိန္ဒိယသတင်းမှာဖော်ပြထားပါတယ်။ ဝယ်ယူထားတဲ့ တရုတ်ဂျက် တိုက်လေယာဉ်တွေပါ ရေဒီယိုလှိုင်းအချက်ပြ ရေဒါစနစ်မှာ တိကျမှု အားနည်းချက်နဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က စိုးရိမ်နေပြီး မြန်မာလေတပ်က တရုတ်ဂျက်လေယာဉ်အများစုကို နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ပျံသန်းခြင်းမပြုဘဲ ရပ်နားထားရတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်လုပ်ဂျက်လေယာဉ်တွေကို စျေးကြီးပေးဝယ်ခဲ့ရပြီး လေးနှစ်အကြာမှာ ပြင်ဖို့ လိုအပ်ချက်တွေ ရှိလာတယ်ဆိုပါတယ်။

စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) ရဲ့ လေ့လောချက်အရလည်း တရုတ်နိုင်ငံရဲ့ လက်နက်တင်ပို့မှုဟာ ကပ်လျက် (၅) နှစ်တာကာလနဲ့နှိုင်းယှဉ်ရင် ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာ ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ကမ္ဘာ့ဈေးကွက်ဝေစုမှာ တရုတ်လက်နက်က ၅.၆ ရာခိုင်နှုန်းကနေ ၅.၂ ရာခိုင်နှုန်းကို ကျဆင်းသွားတာပါ။

ပြိုင်ဘက်နိုင်ငံတွေထက် ဈေးနည်းလို့ တရုတ်လက်နက်တွေ ဝယ်လိုအားက စျေးကွက်မှာ အရင်က ရှိခဲ့တာပါ။ တရုတ်ဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံကို လက်နက်တွေရောင်းချနေပြီး အများစုမှာ အမေရိကန် ဒါမှမဟုတ် ပြင်သစ်လို လက်နက် အကြီးအကျယ်ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံကြီးတွေရဲ့စျေးကွက် မဟုတ်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ပါကစ္စတန်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက တရုတ်ဆီက အဓိကလက်နက် ဝယ်ယူတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တရုတ်ဟာ စစ်လက်နက်ပစ္စည်းတွေကို ရောင်းချရာမှာ စျေးကွက်ထက် လျော့နည်းတဲ့ စျေးနှုန်းနဲ့ ငွေကြေးထောက်ပံ့မှုတွေကြောင့် ဝယ်ယူသူတွေကို ဆွဲဆောင်ပေမယ့် အထူးသဖြင့် ကိရိယာပစ္စည်း ဂီယာချွတ်ယွင်းလာရင် နောက်ဆက်တွဲ လျှို့ဝှက်ကုန်ကျစရိတ်တွေ ရှိလာတာတွေ့ရတယ်” လို့ အမေရိကန်အခြေစိုက် RAND သုတေသနအဖွဲ့က သုတေသီ Cindy Zheng က ပြောပါတယ်။

ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာတွေကြောင့် နိုင်ဂျီးရီးယားကလည်း တရုတ် လုပ် Chengdu F-7 တိုက်လေယာဉ် (၉) စင်းအနက် (၇) စင်းကို တရုတ်နိုင်ငံကို ပြန်ပို့ခဲပါတယ်။ တရုတ်ရဲ့ အမြဲတမ်း မဟာမိတ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ကလည်း တရုတ်လုပ် ရေတပ်စစ်သင်္ဘောတွေနဲ့ပတ်သက်ပြီး ပြဿနာတွေကြုံတွေ့ရတာ ရှိပါတယ်။ F-22P ဖရီးဂိတ်စစ်သင်္ဘောတွေမှာ အင်ဂျင်ပျက်စီးတာ၊ အာရုံခံကိရိယာတွေ ကောင်းကောင်း အလုပ်မလုပ်တာနဲ့ ပစ်မှတ်ကို တိတိကျကျချိန် ပစ်လို့မရတဲ့ ဒုံးကျည်စနစ်တွေအပါအဝင် နည်းပညာဆိုင်ရာပြဿနာတွေရှိခဲ့ကြောင်း Directus က ဖော်ပြပါတယ်။


“တရုတ်စစ်လက်နက်ပစ္စည်းတွေမှာ အဓိကပြဿနာတွေက နည်းပညာအရ ခေတ်မမီတာအပြင် စစ်မြေပြင်မှာလည်း လက်တွေ့စမ်းသပ် စစ်ဆေးတာမရှိဘူး” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ Daniel K Inouye အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာရေးစင်တာက ပါမောက္ခ Alexander Vuving က‌ ပြောပါတယ်။ စင်ကာပူအခြေစိုက် ရေကြောင်းလုံခြုံရေးလေ့လာဆန်းစစ်သူ Collin Koh ကလည်း တရုတ်ဆီက လက်နက်ဝယ်ယူတဲ့နိုင်ငံအများစုရဲ့စိုးရိမ်ချက်က စစ်မြေပြင်တိုက်ခိုက်ရေးမှာ လက်တွေ့စမ်းသပ်မှုမရှိတာကြောင့်လို့ ဆိုပါတယ်။

XS
SM
MD
LG