အမေရိကန်နဲ့ တရုတ်ကြား လတ်တလော ကုန်သွယ်ရေးဆွေးနွေးပွဲတွေ မအောင်မြင်ရတဲ့အပေါ် အမေရိကန်မှာ လုံးဝတာဝန်ရှိတယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။ဆွေးနွေးပွဲတွေမှာ အမေရိကန်က နောက်ကြောင်းပြန်သွားနေတဲ့အပြင် ကုန်သွယ်ခွန်တွေ တိုးကောက်နေတာက နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေအတွက် ဖြေရှင်းချက် မဟုတ်ဘူးလို့ ဒီကနေ့ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီလအစောပိုင်း ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က ၂၅% အခွန် တိုးကောက်လိုက်တာပါ။
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး တခုဖြစ်တဲ့ Huawei နဲ့ သူနဲ့ဆက်စပ်တဲ့ကုမ္ပဏီ ၆၈ ခုကို နည်းပညာဆိုင်ရာ ပစ္စည်းတွေရောင်းချပေးနေတာရပ်ဆိုင်းလိုက်တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ “စိတ်မချရတဲ့ ကုမ္ပဏီများစာရင်း” ဆိုပြီး သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နောက်ကြောင်းပြန်သွားနေတာ အမေရိကန်ဖြစ်တယ်လို့လည်း တရုတ် ကုန်သွယ်ရေး ဒုဝန်ကြီး Wang Shouwen က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ကုန်သွယ်ရေးတင်းမာမှုတွေဖြစ်လာတဲ့အထိ အမေရိကန်ဘက်က အစွမ်းကုန်ဖိအားသုံးလာရင်တောင် တရုတ်ကတော့ အလျော့ပေးဖို့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်တဲ့ Wang ကပြောပါတယ်။
မေလအစောပိုင်းတုန်းကတော့ တရုတ်ဘက်က ကုန်သွယ်ရေးဆွေးနွေးမှုတွေမှာ နှေးကွေးတယ်လို့ သမ္မတ Trump က တွစ်တာစာမျက်နှာကနေရေးခဲ့တာပါ။ ဆွေးနွေးပွဲတွေမှာ တရုတ်က လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို တင်ပြခဲ့ပြီး တရုတ်က နည်းနည်းလျှော့ရင် အမေရိကန်က များများလိုချင်နေတယ်လို့ Wang က ပြောပါတယ်။