သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းယူထားတဲ့ ကန်အဝေးထိန်း Drone တရုတ်ပြန်အပ်မည်


အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ ရေငုပ် Drone ယာဉ်။
အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ ရေငုပ် Drone ယာဉ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း နိုင်ငံတကာ ရေပြင်ပိုင်နက်ထဲကနေ သိမ်းဆည်းလိုက်တဲ့ အမေရိကန်ရဲ့ အဝေးထိန်း Drone ကို ပြန်လည်ပေးအပ်မယ်လို့ တရုတ်ဘက်က မနေ့ စနေနေ့က ပြောဆိုပါတယ်။

ဒါပေမယ့် ဒီလုပ်ရပ် အပေါ်မှာ ပြစ်တင် ဝေဖန်စရာ မရှိဘူးလို့ တရုတ်က ပြောဆိုနေပြီး အမေရိကန် အစိုးရ ဘက်က နည်းမှန်လမ်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ပုံကြီးချဲ့ ပြောဆိုနေတယ်လို့လည်း တရုတ်ဘက်က စွပ်စွဲ ပြောဆိုခဲ့တာပါ။ ရေထဲမှာ ဆားငန်ရေ ပါဝင်မှုနဲ့ အပူချိန် ပြောင်းလဲမှုကို တိုင်းတာတဲ့ မောင်းသူမဲ့ ရေငုပ် Drone ယာဉ်ကို ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း Subic Bay ရဲ့ ကီလိုမီတာ ၉၀ အကွာမှာ ကြာသပတေးနေ့က ဆွဲယူသွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ဘက်က အခုလို ရယူသွားခဲ့တာဟာ တရားဥပဒေနဲ့ မညီတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တို့က ကန့်ကွက်ခဲ့ပြီး ချက်ချင်း ပြန်ပေးဖို့ တောင်းဆိုခဲ့တာပါ။ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တရုတ် ရေတပ် သဘောၤတစင်းက ဘာမှန်းမသိတဲ့ အရာဝတ္ထု တခုကို ရေထဲမှာ တွေ့ရှိပြီး ရေကြောင်းသွားလာမှု ဘေးကင်းစေရေး အတွက် သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ နောက်ပိုင်းကျမှ အမေရိကန်တို့ရဲ့ အဝေးထိန်း Drone ယာဉ် ဖြစ်တာကို သိရှိရတာ ဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အမေရိကန်တို့ရဲ့ ပစ္စည်းကို သင့်တင့် လျောက်ပတ်တဲ့ နည်းလမ်းနဲ့ ပြန်လည် ပေးအပ်သွားမယ်လို့ တရုတ် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ စနေနေ့က ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောပါဘူး။ အမေရိကန် စစ်ဌာနချုပ် Pentagon ဘက်ကလည်း တရုတ်နဲ့ နားလည်မှု ရရှိထားတယ်ဆိုတာကို အတည်ပြုပါတယ်။ ဒီအတည်ပြုချက် ထွက်လာပြီးနောက်မှာတော့ အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က တရုတ်တို့ကို ပြောရမှာက ခင်ဗျားတို့ ခိုးထားတာကို ကျနော်တို့ ပြန်မလိုချင်ပါဘူး။ ယူသာထားလိုက်ပါလို့ ပြောလိုက်ရမှာ ဆိုပြီး လူမှုကွန်ယက် တွစ်တာ စာမျက်နှာမှာ ရေးသားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG