အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကို ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဆု Legion of Honor (Legion d'Honneur) ချီးမြှင့်ပါတယ်။
ပါရီမြို့တော်မှာ မနေ့ စနေနေ့က ဆီးရီးယား အရေး ဆွေးနွေးပွဲ အပြီးမှာ Legion of Honor ဆုကို ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Jean-Marc Ayrault က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီကို အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး ကယ်ရီရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေး ဆောင်ရွက်ချက်တွေ အပေါ် ရိုးဖြောင့်မှန်ကန်မှုကို ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ဂုဏ်ပြု ပြောကြားခဲ့သလို ၂၀၁၅ ခုနှစ်က သမိုင်းဝင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်၊ အီရန် နျူးကလီးယား သဘောတူညီချက်တို့ အတွက် ၀န်ကြီး ကယ်ရီရဲ့ ဆောင်ရွက်ချက်တွေ ၊ ဆီးရီးယား စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းချက်တွေကိုလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေ အဖြစ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အခုလို ဂုဏ်ထူးဆောင်ဆု အပ်နှင်းခံရမှုဟာဆိုရင် ပြင်သစ်နဲ့ အမေရိကန်ကြား နွေးထွေးတဲ့ ဆက်ဆံရေးရဲ့ ပြယုဂ် ဖြစ်ပါတယ်လို့ ၀န်ကြီး ကယ်ရီက ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ အမေရိကန်ရဲ့ သက်တမ်းအရှည်ဆုံး မဟာမိတ် ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက ပြင်သစ် ဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီရဲ့ မိခင်နဲ့ အဒေါ်ဖြစ်သူတို့က ၁၉၂၀ ပြည့်လွန်နှစ် အစောပိုင်း ကာလက ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်ပြီး ၀န်ကြီး ကယ်ရီရဲ့ ငယ်ဘ၀ အားလပ်ရက်တွေမှာလည်း ပြင်သစ်နိုင်ငံ Brittany က မိသားစု အိမ်ယာ Saint-Brignac-sur-Mer မှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။