သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ အာဏာခိုင်မာစေမယ့် ဥပဒေတွေ လွှတ်တော်မှာပြင်ဆင်ပြဋ္ဌာန်း


တရုတ်နိုင်ငံလွှတ်တော်စည်းဝေးပွဲအတွင်း တွေ့ရတဲ့ သမ္မတရှီကျင့်ဖျင် (မတ် ၁၁၊ ၂၀၂၄)
တရုတ်နိုင်ငံလွှတ်တော်စည်းဝေးပွဲအတွင်း တွေ့ရတဲ့ သမ္မတရှီကျင့်ဖျင် (မတ် ၁၁၊ ၂၀၂၄)

သီတင်းတပတ်ကြာ ကျင်းပတဲ့ တရုတ်နိုင်ငံလွှတ်တော်စည်းဝေးပွဲတွေ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ပြီးဆုံးသွားပါပြီ။ ဒီ လွှတ်တော် စည်းဝေးပွဲကနေ သမ္မတ ရှီကျင့်ဖျင်ရဲ့အာဏာကို ပိုမို ခိုင်မြဲစေမယ့် ဥပဒေသစ်တွေ ပြင်ဆင် ပြဋ္ဌာန်းခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ့် ပြဋ္ဌာန်းချက်တွေ အပါအဝင် ဥပဒေသစ်တချို့ကိုလည်း ထုတ်ပြန်သွားဖို့ ကတိပြုခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်က Organic Law of the State Council လို့ ခေါ်တဲ့ ဖွဲ့စည်းပုံပါ နိုင်ငံတော်ကောင်စီလုပ်ထုံးလုပ်နည်းနဲ့လုပ်ပိုင်ခွင့် ပြင်ဆင် ပြဌာန်းခဲ့တာ အပါအဝင် - ကွန်မြူနစ်ပါတီ ဗဟိုဦးဆောင်ကော်မီတီခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ကာကွယ်ပေးသွားမယ်ဆိုတဲ့ အချက်ကိုပါ အတည်ပြု ပေးခဲ့ပါတယ်။

တရုတ်နည်း တရုတ်ဟန်နဲ့အညီ ခေတ်မီတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေနဲ့အညီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားမယ့်အကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဒီကနေ့ ကျင်းပတဲ့ ညီလာခံ အပိတ် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ညီလာခံနောက်ဆုံးနေ့မှာ နှစ်ပေါင်း ၃၀ လောက် နှစ်စဉ် ပုံမှန်ကျင်းပလာခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်ကလည်း နိုင်ငံတော်ကောင်စီရဲ့ အခန်းကဏ္ဍကို ပြင်ဆင် သတ်မှတ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ လေ့လာသူတွေက ဗွီအိုအေကို ပြောပါတယ်။ အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အာဏာတည်ဆောက်မှုပုံစံအရ ဆုံးဖြတ်ချက်အများစုကို ခေါင်းဆောင် ရှီကျင့်ဖျင်တဦးထဲကပဲ ချမှတ်တဲ့အတွက် ဆုံးဖြတ်ချက်တွေ မြန်မြန်ချပြီး အလုပ်ဖြစ်မယ့်သဘော ပြောဆိုသူတွေရှိသလို၊ လူတဦးတယောက်ထဲက ဆုံးဖြတ်တွေအားလုံး ချနေတာဟာ ဆုံးဖြတ်ချက်တွေရဲ့ အရည်အသွေး ကျဆင်းလာနိုင်ပြီး နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေ ရောက်လာရေး တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်ကို တန်ပြန် သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ရှုမြင် သုံးသပ်တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG