သမ္မတဟောင်း Donald Trump ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်းသမ္မတလောင်း ယှဉ်ပြိုင်နေသူ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Chris Christie က သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဆုံးသတ်လိုက်ပြီလို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အိုင်အိုဝါပြည်နယ်မှာ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ Chris Christie က သူ ဆက်မပြိုင်တော့ဘူးဆိုပြီး New Hampshire ပြည်နယ် မြို့တော်ခမ်းမမှာ သူ့ကိုထောက်ခံသူတွေကို မနေ့က တွေ့ဆုံပြီး ပြောဆိုလိုက်တာပါ။ ပါတီတွင်းသမ္မတလောင်းအဖြစ် ဆက်မပြိုင်တော့ပေမဲ့လည်း Donald Trump လက်အောက် ရီပတ်ဘလစ်ကန်ပါတီတွင်း ပေါ်ပေါက်ခဲ့တဲ့ အမုန်းတရားနဲ့ သွေးကွဲမှုတွေကိုဆန့်ကျင်တဲ့ အသံတသံအဖြစ် သူ ဆက်လက် ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။
Chris Christie အနေနဲ့ တခြား ရီပတ်ဘလစ်ကန်ပါတီတွင်းက ပြိုင်ဖက်တယောက်ယောက်ကို ထောက်ခံတဲ့အကြောင်း ကြေညာမယ် မကြေညာဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မကြာသေးခင် ရက်ပိုင်း မဲဆွယ်ပွဲတွေမှာတော့ ကုလသဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley ကို Chris Christie က အပြင်းအထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။ လူထုထောက်ခံမှု စစ်တမ်းတွေအရ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်း မဲဆွယ်ပွဲတွေမှာ Donald Trump က ရှေ့ဆုံးကပြေးနေပြီး Trump နောက်မှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က နောက်က လိုက်နေပါတယ်။