သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ထရမ့်ရဲ့ မှတ်တမ်းပုံရိပ်


A combination picture shows police booking mugshots of former U.S. President Trump and the 18 people indicted with him
A combination picture shows police booking mugshots of former U.S. President Trump and the 18 people indicted with him

၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရစ်ပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က ဂျော်ဂျီယာပြည်နယ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ အကျဥ်းထောင်မှတ်တမ်း ကိုယ်တပိုင်း ဓာတ်ပုံကြောင့် သမိုင်းဝင်သွားခဲ့ပါတယ်။

"ဒါဟာ သက်တောင့်သက်သာရှိတဲ့ ခံစားချက် မဟုတ်ပါဘူး — အထူးသဖြင့် အမှားတခုမှ မလုပ်မိဘဲ အခုလို အလုပ်ခံရတဲ့အခါမှာ"လို့ ထရမ့်က နောက်ပိုင်းမှာ Fox News Digital သတင်းဌာနကို မှတ်တမ်း ဓာတ်ပုံအရိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ ခံစားချက်ကို ပြောခဲ့ပါတယ်။

အတ္တလန်တာအကျဉ်းထောင်မှာ ရာဇ၀တ်မှု တဒါဇင်ကျော်နဲ့ စွဲချက်တင်ခံရပြီး မိနစ်ပိုင်းအကြာမှာ Mug Shot လို့ခေါ်တဲ့ အကျဥ်းသား မှတ်တမ်းဓာတ်ပုံ ရိုက်ယူခံရတာမှာ ကင်မရာကို ဒေါသတကြီးနဲ့ သမ္မတဟောင်း ထရန့်က မျက်မှောင်ကြုတ်ကြည့်နေတဲ့ ဓာတ်ပုံဟာ အကျော်ကြားဆုံး ဖြစ်သွားပါတယ်။

ထရမ့်ကို ထောက်ခံသူ၊ ကန့်ကွက်သူ နှစ်ဖက်လုံးက အွန်လိုင်းမှာ ကမ္ဘာတဝန်း မျှဝေခဲ့ကြပါတယ်။ ထရမ့်ကိုယ်တိုင်လည်း အရင်က တွစ်တာလို့ခေါ်တဲ့ X လူမှုကွန်ရက်နဲ့ သူ့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်း ‘Truth Social’ တို့မှာတင်ပြီး ရွေးကောက်ပွဲ ရန်ပုံငွေ ရှာရာမှာ အသုံးပြုခဲ့ပါတယ်။

ဂျော်ဂျီယာ ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ကြိုးစားမှုစွဲချက်နဲ့ အဖမ်းခံဖို့ ကြာသပတေးနေ့က အတ္တလန်တာကို သွားခဲ့တဲ့ ထရမ့်ဟာ (၅)လအတွင်း (၄) ကြိမ်မြောက် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတာဖြစ်လို့ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပထမဆုံးသော အမေရိကန် သမ္မတဟောင်းတဦးအဖြစ် သမိုင်းတွင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေလို ဒါမှမဟုတ် အရက်မူးပြီး ကားမောင်းသူတွေလို ရာဇဝတ်မှုခင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတာကတော့ ဂျော်ဂျီယာမှာက ပထမဆုံးအကြိမ်ပါပဲ။ အဖမ်းခံတဲ့နေ့မှာပဲ လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပြီး အာမခံကြေးတင် ပြန်လွတ်လာပေမယ့် ဒီမှတ်တမ်းဓာတ်ပုံဟာ ဒေါ်နယ်ထရန့် မရှိတော့တဲ့ နောက်မှာလည်း အချိန်ကြာမြင့်စွာ သမိုင်းစာအုပ်တွေမှာ ကျန်ရစ်ခဲ့မယ့် ပုံရိပ်တခု ဖြစ်လာပါတယ်။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကာလတဝိုက် သူ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စွပ်စွဲချက် (၄)ခုမှာ အမှုပေါင်း (၉၁)ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ထရမ့်ဘက်ကတော့ အမှုတွေ အားလုံးကို ငြင်းဆိုပြီး နိုင်ငံရေးပယောဂနဲ့ တိုက်ခိုက်တာလို့ တစိုက်မတ်မတ် ပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG