အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေးနေတာတွေကို ကန့်ကွက်ကြောင်း အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) က ပြောဆိုလိုက်ပါတယ်။
အီရန်ရဲ့ မစ်ဇိုင်းဒုံး နဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်လို့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
စနေနေ့က အစိုးရအရာရှိ တဖွဲ့နဲ့ စကားပြောချိန်မှာ အမေရိကန် ပြည်ထောင်စုကို နာမည်တပ် မပြောပေမဲ့လို့ အနိုင်ကျင့်တဲ့ အစိုးရတရပ်က ဆွေးနွေးပွဲတွေ လုပ်ဖို့ အီရန် ဆက်ပြီး ဖိအားပေးနေတုန်းပဲလို့ ဆိုပြီး သွယ်ဝိုက်နည်းနဲ့ ပြောသွားတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဘာသာရေးခေါင်းဆောင် ခါမီနီထံ စာတစောင် ပေးပို့ခဲ့တဲ့အကြောင်း ပြောဆိုပြီး နောက်တရက်မှာ ခါမီနီရဲ့ အခုမှတ်ချက်စကား ထွက်လာတာလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ စာထဲမှာတော့ အီရန်က သိသိသာသာ အရှိန်မြှင့် လုပ်လာနေတဲ့ နျူကလီးယား အစီအစဥ်ကို ကန့်သတ်ဖို့နဲ့ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့တဲ့ အီရန် သဘောတူစာချုပ် နေရာမှာ သဘောတူညီမှုသစ်တရပ် အစားထိုး ချုပ်ဆိုဖို့ တောင်းဆိုထားတာပါ။
အမေရိကန်ရဲ့ တောင်းဆိုမှုတွေက အီရန်ကို စစ်ရေးအရရော၊ ဒေသတွင်း သြဇာလွှမ်းမိုးမှု ပိုင်းမှာပါ ကန့်သတ်ဖို့လုပ်နေတာလို့ ခါမီနီက ပြောပါတယ်။ ဒီလို ရည်ရွယ်တဲ့ ဆွေးနွေးမှုမျိုးက အီရန်နဲ့ အနောက်ကမ္ဘာကြား ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း အီရန်နိုင်ငံရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ် ခါမီနီက ပြောဆိုခဲ့ပါတယ်။
Forum