သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်စခန်းနဲ့ ခရစ္စမတ်အလှူတော်


ခရစ်စမတ်ထမင်းတနပ်လှူနိုင်ဖို့ ကချင်လူမှုအဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ Concern, Care and Contribute to IDPs NOW 
ခရစ်စမတ်ထမင်းတနပ်လှူနိုင်ဖို့ ကချင်လူမှုအဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ Concern, Care and Contribute to IDPs NOW 

ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ်ကာလ အခါသမယမှာ လုံခြုံအေးချမ်းစွာနဲ့ လူတိုင်း ထမင်းတနပ်ကို စိတ်အေးအေးနဲ့ ဝဝလင်လင် စားသောက်ခွင့်ရကြစေချင်ကြပါတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ခရစ်စမတ်ထမင်းတနပ် အလှူဖြစ်မြောက်အောင် စီစဉ်ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ ခရစ်စမတ်ကာလအတွင်း ဒီရက်ပိုင်းမှာပဲ ကချင်နဲ့ရှမ်းဒေသဘက်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာလို့ အိုးအိမ်စွန့်ခွာပြီး အသက်ဘေးက လွတ်အောင်ပြေးခဲ့ရတဲ့ စစ်ရှောင်ဒုက္ခသည်တွေကလည်း ရာနဲ့ချီရှိနေပါတယ်။ ဒီလိုရက်မျိုးမှာတော့ စစ်ပွဲတွေကို ရပ်ထားပေးသင့်ပါတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက မေတ္တာရပ်ခံပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့မှာ ကျရောက်တဲ့ ခရစ်စမတ်နေ့အခါသမယမှာတော့ ကချင်စစ်ပြေးဒုက္ခသည်စခန်းက IDPစစ်ဘေးရှောင် ပြည်သူတွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ခရစ္စမတ်အတွက် ထမင်းတစ်နပ်အစီစဉ်ကနေ ခရစ်စမတ် အလှူပေးခဲ့ကြပါတယ်။ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ အခက်အခဲရှိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် ခရစ်စမတ်ထမင်းတနပ်လှူနိုင်ဖို့ ကချင်လူမှုအဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ Concern, Care and Contribute to IDPs NOW ဆိုတဲ့ လှုပ်ရှားမှုကို ဦးဆောင်သူ ကချင်ငြိမ်းချမ်းရေးကွန်ယက်က မခွန်ဂျာက ခရစ်စမတ်နေ့က ဒုက္ခသည်စခန်းတွေက ခရစ်စမတ်အစီစဉ်တွေ လှူဒါန်းခဲ့တာတွေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ဒီနေ့မှာတော့ တော်တော်များများ camp တွေကတော့ ဒီနေ့မှာ လုပ်ကြတယ်ရှင့်။ ကျမတို့ ဒီcamp တွေကိုသွားတဲ့အခါမှာ ၁ နှစ်လုံးနေမှ အသားဟင်း ၁ နပ်တောင်မစားရတဲ့ကလေးပေါ့ ၊ အသီး ၁ လုံးတောင်မစားရတဲ့ကလေးတွေကို ကျမတို့တွေ့ခဲ့တယ်ပေါ့။ တခါတလေကျရင် အသီးသည်တွေ၊ အသားတွေ သူများစားနေတာကို သူတို့တွေ့တယ်ပေါ့။ အဲဒီအခါကျတော့ ဒီ အသီးလေး ၁ လုံးကိုစားလိုက်ရရင်တော့ အရမ်းကျေနပ်သွားမှာပဲ။ အရမ်းပျော်သွားမှာပဲ ဆိုတဲ့ ကလေးတွေရဲ့ ပြောစကားက ကျမတို့ကို အသဲကွဲစေခဲ့တာပေါ့ အဲဒါကြောင့် ၂၀၁၅ ဒီဇင်ဘာက စလုပ်ခဲ့ပါတယ်။ ပိုပြီးမှ ခက်ခဲတဲ့ camp တွေကို ပထမဦးဆုံး ဦးစားပေးပြီမှ ပို့တယ် အဲဒီတော့ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့က camp တွေ ဝိုင်းမော်မြို့က camp တွေကိုတော့ မရောက်ခဲ့ဘူးပေါ့နော် ။ အဲဒီတော့ ဝေးလံခေါင်တဲ့ ပံ့ပိုးမှုအနည်းဆုံး ပိုပြီးမှ အဆင်းရဲဆုံး camp တွေကို ဦးစားပေး ရွေးချယ်ပြီးတော့မှ လုပ်ခဲ့တာဖြစ်တယ်။ ဒီနှစ်လည်း ကျမတို့ အားလုံးကို တန်းတူညီမျှ အနည်းဆုံးတော့ ခရစ်စမတ် ၁ ရက်မှာတော့ အသားပါတဲ့ ဆန်ပြုတ်လေး တခွက်တော့ စားစေချင်တယ်ပေါ့လေ အသားဟင်းနဲ့ မစားရရင်တောင်မှ။"

မနေ့ကလည်း ခရစ်စမတ်အကြိုကာလ ညကိုးနာရီခွဲလောက်မှာ လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် ဆရာမတဦး ဒဏ်ရာအပြင်းထန်ရခဲ့သလို ပြည်သူအများနဲ့ လိုင်ဇာမှာရှိတဲ့ စစ်ရှောင်စခန်း တွေက ဒုက္ခသည်များ ပြေးလွှားပုန်းအောင်းနေကြရပါတယ်။ ခရစ်ယာန်တွေ အလေးအမြတ်ထားတဲ့ ဒီလိုခရစ်စမတ်ကာလမှာတော့ ဖြစ်နိုင်ရင် နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေ ရပ်ထားပေးသင့်တယ်လို့လည်း မခွန်ဂျာက မေတ္တာရပ်ခံပါတယ်။

" မနေ့ကဆိုရင် ကျမတို့ Midnight Mass တက်နေပါတယ်။ အဲဒီအချိန် ၉ နာရီမှာ လိုင်ဇာမှာ မော်တာ ၁၀ ချက် ကျပြီပေါ့ အဲဒီမှာ ကျောင်းဆရာမလေး ၁ ယောက်ကတော့ သူထိသွားတယ်ဆိုပြီး သတင်းရတဲ့အခါမှာ ကျမတို့ လိုက်ပါတယ်။ အဲဒီ ဆရာမလေးဟာ အသက်က ၂၆ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုထိသွားတဲ့အချိန်မှာ ကျမတို့ တော်တော်ကို စိတ်ထိခိုက်ပါတယ်။ ဒီလိုင်ဇာတဝိုက်မှာနေနေတဲ့ မှုန်းလိုက်ခက်၊ ဝယ်ကျိုင်တို့မှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေက ညသန်းခေါင် ရုန်းရင်းဆန်ခတ်နဲ့ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် ပြေးမယ့်နေရာလည်းမရှိ နဲ့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ရှမ်းပြည်နယ်မှာ လည်း အတူတူဖြစ်တယ်။ ၁၀၅ မိုင်မှာ မော်တာ နဲ့ ပစ်လိုက်တဲ့အတွက် ကလေး ၁ ယောက် ပွဲချင်းပြီးသေသွားတယ်။ နောက်ကလေး ၁ ယောက်က ခြေထောက် ၂ ဖက် ဆိုးဆိုးဝါးဝါး ထိခိုက်သွားတယ်။ ဒီနေ့ ခြေထောက်ဖြတ်လိုက်ရပြီဆိုပြီး တရုတ်ပြည်မှာ ဆေးရုံတက်နေတဲ့ နေရာကနေ သတင်းကြားရတယ်။ အဲဒီတော့ ခရစ်စမတ် ကာလဆိုတာ ကျမတို့အတွက်ဆိုရင်တော့ တကယ်တမ်းက မျှော်လင့်ချက်ဆိုတာလေး တချက်တောင်မှ ဒီလို မျှော်လင့်ချက် တချက်လေးကို တနှစ်လုံးမှာ ဒီတရက်တော့ ရစေချင်ပါတယ် အခုတော့ ဒီလိုဖြစ်တဲ့အခါမှာ နိုင်ငံတော်အစိုးရဘက်ကိုသော်လည်းကောင်း တပ်မတော်ကိုသော်လည်းကောင်း KIO သော်လည်းကောင်း တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေသော်လည်းကောင်း အနည်းဆုံးတော့ ၁ ရက်လေးတော့ ၁ နှစ်မှာ စိတ်ချလက်ချ ဘုရားရှိခိုးပြီးတော့မှ ဆုတောင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပါဝင်ဖို့ တာဝန်ယူစေချင်တယ်။ အဲဒီတော့ ဒီလိုတောင်မှ မလုပ်နိုင်တဲ့ တိုင်းပြည်မှာနေရတာ ကျမတို့ အတွက်လည်း အင်မတန်မှ စိတ်ထိခိုက်ရတယ်။ နောက်ကိုယ့် ပြည်သူလူထုကို မစောင့်ရှောက်နိုင်ကြဘူးဆိုရင်လည်း အားလုံးဆင်းကြပါတော့ မင်းမဲ့တိုင်းပြည်ပဲ နေကြစို့လို့ပဲ ပြောလိုက်ချင်တော့တယ်ရှင့်။"

စစ်ဘေးတိမ်းရှောင်နေကြရတာ ခြောက်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ကချင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ သိန်းချီတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာရှားပါးလာပြီး လူသားချင်းစာနာမှုအကူအညီတွေ ကလည်း နည်းပါးလာတဲ့အချိန်ဖြစ်လာနေတာမို့ ခရစ်စမတ်ကာလမှာတော့ အသားပါတဲ့ ထမင်းတနပ်ကို ဝဝလင်လင်စားစေချင်တဲ့စိတ်နဲ့ အခုလှုပ်ရှားမှုကို စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတွေ ဝိုင်းဝန်းနိုးဆော်လှုပ်ရှားခဲ့ကြတာဖြစ်တယ်လို့ မခွန်ဂျာက ပြောပါတယ်။

ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေအတွက် ခရစ်စမတ်လက်ဆောင်နဲ့ နှစ်ကူးလက်ဆောင်လေးတွေ ကို စစ်ရှောင်ဒုက္ခသည်တွေ အတွက် ဝေမျှပေးကြဖို့နဲ့ ဒုက္ခသည်တွေအတွက် နှစ်သစ်အတွက်ပါ တနပ်စာ မြန်မာငွေ တစ်ထောင် ဒေါ်လာတစ်ဒေါ်လာနှုန်းနဲ့ လှူဒါန်းနိုင်ပါတယ်လို့လည်း Concern, Care and Contribute to IDPs NOW လှှုပ်ရှားမှုမှာ အလှူငွေစုဆောင်းပေးနေသူကချင်အမျိုးသမီးတဦးကလည်း နိုးဆော်ပါတယ်။

"ကျမတို့က ဒီဟာက ခရစ်စမတ်အတွက်ကို သီးသန့်မနှစ်တုန်းကလည်း လုပ်တယ် ခရစ်စမတ်ပြီးရင်လည်း ကျမတို့ကို တောက်လျှောက် concern care အနေနဲ့ ထပ်ပြီးတော့ အလှူငွေက လက်ခံနေတုန်းပဲ အရေးပေါ်အခြေအနေမှာ ရှိတဲ့အလှူငွေနဲ့ ထည့်ပြီးပို့ပေးတဲ့အနေအထားရှိတယ်ပေါ့နော် "

ခရစ်စမတ်အတွက် ထမင်းတနပ်အစီအစဉ်မှာ ထမင်းကျွေးမွေးတာအပါအဝင် လက်ဆောင်ပစ္စည်းပေးတာ တေးဂီတတွေနဲ့ဖျော်ဖြေတာတွေနဲ့ ခရစ်စမတ်ပွဲတော်ကို ဒုက္ခသည်စခန်းတွေမှာ ရက်အလိုက် ကျင်းပကြပါတယ်။ ဒီလှုပ်ရှားမှုကို ၂၀၁၅ခုနှစ်ကစတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး ဒီနှစ်အတွက်တော့ သိန်းချီတဲ့ ဒုက္ခသည်တွေအတွက် သောင်းဂဏန်းစာလောက်ပဲ အလှူငွေရရှိသေးတယ်လို့ လှုပ်ရှားမှုဦးဆောင်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG