သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူမှုအဖွဲ့အစည်းတွေအပေါ် ကန့်သတ်မှုတွေ ပိုတိုးလာ


မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေကို လာရောက်လေ့လာတဲ့ ကုလကိုယ်စားလှယ်တွေ၊ နိုင်ငံတကာအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ၂၀၁၅ နှစ်ဆန်းပိုင်းကစလို့ သိသိသာသာ အာဏာပိုင်တွေဘက်က ကန့်သတ် ချုပ်ချယ်မှုတွေနဲ့ စောင့်ကြည့်မှု ဖိအားပေးမှုတွေ ရှိလာနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

နိုင်ငံသားအခွင့်အရေး၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေ လျော့ကျရေးအတွက်လည်း အရပ်ဘက် အဖွဲ့အစည်းတွေဘက်က နိုင်ငံတကာသိအောင် ကြိုးစားဆောင်ရွက်နေကြချိန် အခုလို ဖိအားပေးမှုတွေ ပိုတိုးလာတာလည်းဖြစ်ပါတယ်။ အပြည့်အစုံ မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မျှတတဲ့ တရားရေးစီရင်မှုနဲ့ တရားဥပဒေစိုးမိုးမှု ရရှိစေဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဘက်က အားသွန်ခွန်စိုက် လုပ်ဆောင်နေကြချိန်မှာပဲ Civil Society Organizations CSO လို့ခေါ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်မရှိဘဲ အထိန်းအချုပ်၊ အကန့်အသတ်တွေနဲ့ ခြိမ်းခြောက် နှောင့်ယှက်တာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ၂၀၁၅ နှစ်ဆန်းပိုင်းကစလို့ အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ပိုကြုံတွေ့လာနေရတယ်လို့ အရပ်ဖက်အဖွဲ့အစည်း ပြည်ကြီးခင်အဖွဲ့က မနွယ်ဇင်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

“လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိသလားဆိုတဲ့အခါကျတော့ အထူးသဖြင့် ၂၀၁၅ ခုနှစ်ပေါ့နော် ပထမပိုင်းကတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ အစပိုင်းတုန်းကတော့ ရှိပါတယ်လို့ ပြောလို့ရတယ်ပေါ့နော် အတိုင်းအတာတခုထိ။ ဒါပေမဲ့ ၂၀၁၅ နောက်ပိုင်းမှာကျတော့ ဘာဖြစ်လာသလဲဆိုတော့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို အထူးသဖြင့် လုပ်တဲ့အဖွဲ့အစည်းတွေပေါ့ အဲဒီအဖွဲ့အစည်းတွေက စောင့်ကြည့်တာခံရတာမျိုး ဖြစ်လာတာပေါ့နော်။ အဲဒါကတော့ ဒီ ၂၀၁၅ နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ ပြောင်းလဲမှုလို့ ပြောလို့ရတယ်ပေါ့နော်။ ဥပမာအားဖြင့်ဆိုရင် ကျမတို့မှာ ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာတယ်ပေါ့။ ဥပမာ အမေရိကန်ကနေပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့လာတယ်။ နောက်ပြီးရင် UN ကနေပြီး Special Rapporteur လာတယ်။ ကျမတို့တွေ့ကြတယ်ပေါ့နော်။ တွေ့ပြီးလို့ရှိရင် နောက်နေ့တွေကျရင် ကျမတို့ရုံးကို ဝင်လာပြီးလို့ရှိရင် မေးတာမြန်းတာ ဥပမာဆိုလို့ရှိရင် တိုင်းရဲဌာနကနေပြီးတော့ လာမေးတာတွေ ရှိတယ်ပေါ့နော်။ ရှိလာတဲ့အခါကျတော့ အထူးသဖြင့်တော့ ကျမတို့အနေနဲ့ ခြုံပြီးပြောရမယ်ဆိုရင် လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ လှုပ်ရှားမှုရှိနေတဲ့ အဖွဲ့အစည်းတွေက အဲ့လိုမျိုး လာမေးတာတို့၊ လာစုံစမ်းတာတို့ကို ၂၀၁၅ အစပိုင်းကစပြီးတော့ အဲဒါမျိုးတွေ မကြာခဏ ကြုံရတယ်။”

အရပ်ဘက်အဖွဲ့အစည်းတွေဘက်က လူ့အသိုင်းအဝိုင်းအတွင်း တရားဥပဒေစိုးမိုးရေးရှိအောင်နဲ့ အာဏာပိုင်တွေဘက်က အာဏာကို အသုံးပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားနိုင်အောင် စုပေါင်းဆောင်ရွက်နေကြတယ်လို့ “ညီမျှခြင်း-မြန်မာ” Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“တရားဥပဒေရရှိခံစားမှု justice ဆိုတဲ့ issue ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အခုနောက်ပိုင်းမှာ ဖမ်းဆီးမှုတွေ ကျနော်တို့ရှိလာတယ်။ ဖမ်းဆီးမှုတွေပေါ်မှာ အခြေခံပြီးတော့ တရားဥပဒေရှေ့မှာ လူတိုင်းက လူသားတွေလို ဆက်ဆံခွင့်ဆိုတဲ့ တရားရေးဆိုင်ရာအခွင့်ရေးတွေ ဆုံးရှုံးနေတာတွေ ရှိသလို၊ ကျနော်တို့ ဒီလိုမျိုး ဥပဒေစီရင်မှုတွေမှာ အမှန်တရားအတိုင်း မဖြစ်ဘဲနဲ့ လိုရင်တမျိုး မလိုရင်တမျိုးဖြစ်နေတဲ့ ကိုပါကြီးရဲ့ နော် ကျူးလွန်တဲ့သူတွေကို တရားသေလွှတ်တဲ့ကိစ္စ၊ ကချင်အမျိုးသမီးတွေနဲ့ ဒေါ်ခင်ဝင်း အပါအဝင် သေဆုံးသွားတဲ့ သူတွေအပေါ်မှာ တရားဥပဒေမပေးနိုင်တဲ့ justice ကို အခုထိ မပေးနိုင်တဲ့ကိစ္စ၊ ကျောင်းသားတွေကို ဖမ်းဆီးတဲ့အချိန်မှာ လိုတာထက်ပိုပြီးတော့ ပြစ်ဒဏ်တွေချမှတ်တာတွေ၊ နောက်တခါ တရားဥပဒေ စီရင်ချက်ချမှတ်ဖို့အတွက် အချိန်တွေက မလိုအပ်ဘဲ ရှည်ကြာနေတဲ့ကိစ္စတွေ၊ နောက်တခါ ချုပ်နှောင်ထားတဲ့အချိန်မှာ နှိပ်စက်မှုတွေ၊ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ရပိုင်ခွင့်တွေ မရရှိတဲ့ကိစ္စတွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေကို ကျနော်တို့ လုပ်ဆောင်ပေးဖို့အတွက် အဓိကထား လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။”

အခုလတ်တလော ကြုံတွေ့နေရတဲ့ သတင်းမီဒီယာသမားတွေ၊ ဒေသခံပြည်သူတွေနဲ့ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုတွေ ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ် အရေးယူ နှိပ်ကွပ်မှုတွေလုပ်နေတဲ့အပေါ် အရပ်ဘက် အဖွဲ့အစည်းတွေဘက်က နိုင်ငံတကာ သိရှိနိုင်အောင် ဆောင်ရွက်နေကြတယ်လို့ အရပ်ဘက် အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရမယ့် တာဝန်ရှိသူတွေထဲမှာ တချို့က လူ့အခွင့်အရေးချိုးဖောက်သူတွေ ပါဝင်နေယုံသာမကဘဲနဲ့ သူတို့ကိုယ်တိုင်ကလည်း ကမ္ဘာမှာ ဥပမာ ကုလသမဂ္ဂမှာ၊ လူ့အခွင့်အရေး အစီရင်ခံစာတင်တဲ့ နေရာမျိုးတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်က လုံး၀ မဖြစ်သင့်ဘူးဆိုတဲ့ အချက်တွေကို လူသိရှင်ကြား ကျနော်တို့ တင်ပြဖို့အတွက် အဲဒါကို အဓိကထား လုပ်ဆောင်ဖို့အတွက် ဆွေးနွေးဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော်တို့လုပ်နိုင်တာကတော့ တကယ်အဖြစ်အမှန်အတိုင်း သိရှိဖို့အတွက် နိုင်ငံတကာသံရုံးတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ ကျနော်တို့ တင်ပြမယ့်နည်းလမ်းနဲ့ ကျနော်တို့ လုပ်ဆောင်မယ်။နောက်တခါမှာ အစိုးရအနေနဲ့ အရေးတယူ ကာကွယ်စောင့်ရှောက်တဲ့ အနေအထားမျိုးဖြစ်ဖို့အတွက် ကျနော်တို့ ဒါ တိုက်ရိုက်တွေ့ဆုံနိုင်မယ့် နည်းလမ်းမျိုးတွေ လုပ်ဆောင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”

ပြည်သူတွေဘက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ကောင်းစွာသိနားလည်ပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာကို တွေ့မြင်ရတယ်လို့လည်း ပြည်ကြီးခင်အဖွဲ့က မနွယ်ဇင်ဝင်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ လှုပ်ရှားဆောင်ရွက်ခွင့် အားကောင်းလာခဲ့ပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တရားဝင်မှတ်ပုံတင်ရေးနဲ့ နိုင်ငံတွင်း သွားလာလှုပ်ရှားမှုတွေကို ဥပဒေပိုင်းအရ ကန့်သတ်မှုတွေ ရှိလာနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာသိအောင် လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် စောင့်ကြည့်ဖိအားပေးမှုတွေကို ဒီနှစ်ပိုင်းမှာ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG