သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား


mone koe မုံးကိုးဒေသ (Official Publication)
mone koe မုံးကိုးဒေသ (Official Publication)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA အဖွဲ့တွေ ဒီနေ့ ဇန်နဝါရီ ၂၈ ရက် သောကြာနေ့မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မနေ့ထဲက တိုက်ပွဲတွေ စဖြစ်နေတာဖြစ်ပြီး၊ ကွတ်ခိုင်မြို့ဘက်ကို စစ်တပ်က ဒီနေ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသူတွေလည်း ရှိနေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက စစ်တပ်နဲ့ ကိုးကန့်အဖွဲ့ကြား တိုက်ပွဲအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူ ကတင်ပြပါမယ်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အနောက်ဘက်ခြမ်း ပန်းဆေးနဲ့ ကုန်းဆာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား တိုက်ပွဲဖြစ်နေတာ ဒီနေ့ သောကြာနေ့မှာ ၂ ရက်ဆက်တိုက်ရှိနေပါပြီ။ ဇန်နဝါရီ ၂၇ ရက် ကြာသပတေးနေ့နဲ့ ၂၈ရက်နေ့ ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ ဒီနေ့ဖြစ်တာက ၂ နာရီလောက်ဖြစ်တာ။ ၂ နာရီလောက်ဆို စဖြစ်ပြီလေ။ ကုန်းဆာ၊ ကုန်းဆာဘက်မှာ။ ဒီနေ့တော့ စစ်ရှောင်တွေ သွားပြီး ခေါ်ထုတ်ရတဲ့ အနေအထားရှိတယ်။ အိမ်ခြေ ၁၄ အိမ်လား မပြောတတ်ဘူး။ အဲဒီက မိသားစုတွေ ခေါ်ထုတ်ခဲ့တာရှိတယ်။ လူက ၂၀ ဝန်းကျင်လောက်ပဲရှိတယ်။ မနေ့ကလည်း အဲဒီဘက်ပဲ ၁ နာရီ၊ ၂ နာရီလောက်က စဖြစ်တာ။ ”

စစ်တပ်နဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲဖြစ်ပွားချိန်မှာ ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ ကုန်းဆာရွာဘက် လက်နက်ကြီးနဲ့ လှမ်းပစ် တယ်လို့ နောက်ဒေသခံကလည်း ပြောပြပါတယ်။

“ ဖြစ်တာကတော့ မနေ့ကနေ စပြီး ဖြစ်တာတော့ ရှိတယ်ဗျ။ ဒီနေ့လည်း ဖြစ်တယ်။ မနေ့နဲ့ ဒီနေ့ ဖြစ်တယ်လေ။ ကျနော်တို့ ဒီဗျူဟာကနေ ပစ်ကူပစ်နေတာတော့ ရှိတယ်လေ။ ”

ကြာသပတေးနေ့ တိုက်ပွဲဟာ ကုန်းဆာရွာ အဝင်မှာဖြစ်ပြီး ဒီကနေ့ တိုက်ပွဲကတော့ ရွာအတွင်းမှာဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးက ဒေသခံတယောက်က ပြောပြပါတယ်။

ကုန်းဆာရွာထဲမှာ ဒီနေ့ နေ့ခင်း ၁ နာရီကျော်ကနေ ၃ နာရီခွဲလောက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း ရွာသားတွေ ထိခိုက်မှု မရှိခဲ့ပေမဲ့ ကုန်းဆာရွာက သက်ကြီးရွယ်အိုအချို့ကိုတော့ ဘေးလွတ်အောင် ကွတ်ခိုင်မြို့ကို ပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAA ကိုးကန့်တပ်တွေ ရွာအတွင်းက ဆုတ်ခွာသွားတဲ့အတွက် လက်ရှိမှာ စစ်ကောင်စီတပ်တွေ နေရာယူထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကုန်းဆာရွာဟာ ကွတ်ခိုင်မြို့အနောက်ဘက် ၃ မိုင်ကျော်အကွာမှာ တည်ရှိပြီး၊ အိမ်ခြေ ၁၅ အိမ်၊ လူဦးရေ ၅၀ ဝန်းကျင်လောက် နေထိုင်နေတဲ့ ရွာဖြစ်ပါတယ်။ စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်အကြားမှာ ၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်နေတာပါ။ ဒီရက်ပိုင်းတွေအတွင်း မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG