မူဆယ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာ ၄ ရွာက ဒေသခံတွေထွက်ပြေး
{{Zawgyi/Unicode}}
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျေးရွာ ၄ရွာက ဒေသခံ ၂၅၀ကျော်လောက်တိမ်းရှောင်နေရပါတယ်။ ဒီတိုက်ပွဲတွေ ဖြစ်ပွားနေတာ၃ရက်လောက်ရှိနေပြီး ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က ဒီရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ရန်ကုန်က သတင်းပေးပို့ထားပြီး ကိုရဲမွန် က တင်ပြထားပါတယ်။
မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေရာက ဒီနှစ်ဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA အကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာပါ။
မူဆယ်မြို့နယ် မုံးပေါ်ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KIAအကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ အခုက မုန်းပေါ်၊ ဝိန်းဆိုင်ဘက်ပေါ့။ လွန်ခဲ့တဲ့ ၃ရက်လောက်က စပြီး အဲဒီဘက် တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တော့ အခု အဲဒီဘက်က ၄ရွာလောက် ရှိတယ်။ အဲဒီ နောင်ဟိုင်၊ ဟိုပန်၊ ဆမာ၊ လွယ်ဆာ ၊ လွယ်ဆာပါသေးတယ် အဲဒီ ၄ရွာက ပြည်သူတွေက ဝိန်းဆိုင်ဘက်မှာ ရှိတဲ့ Church မှာ အိမ်ခြေ ၆၅အိမ် လောက်၊ လူဦးရေက ၂၇၀ကျော်လောက် လာရောက်စုစည်း တိမ်းရှောင်ကြတာပေါ့။ ဒီကနေ့လည်း လက်နက်ကြီးသံတွေတော့ ကြားနေကြတယ်လို့ ပြောတယ်။”
စစ်ပြေးဒုက္ခသည်တွေကို မူဆယ်မြို့ကနေ စားနပ်ရိက္ခာနဲ့ အထောက်အပံ့ပစ္စည်းတွေ သွားရောက်ပို့ ဆောင်ဖို့ရာမှာလည်း သွားလာရေးအတွက် အခက်အခဲရှိနေကြောင်း ဆက်ပြောပါတယ်။
KNG ခေါ် ကချင်သတင်းဌာနကတော့ မုံးပေါ်ဒေသက ဆမာကျေးရွာမှာ ဒီကနေ့မနက်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်းနဲ့ နေ့ခင်း ၁နာရီလောက် တိုက်လေယာဉ်တစ်စီးလာရောက်ပျံဝဲသွားတာ ရှိကြောင်း ဖော်ပြထားပါတယ်။
KIA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“စစ်ကောင်စီဘက်ကနဲ့ ကျနော်တို့ ဆီကို ထိုးစစ်ဆင်ဖို့လုပ်နေတာ တစ်ပတ်လောက်တော့ ရှိပြီ။ တချို့တွေကတော့ ပြန်ဆုတ်သွားပြီ။ ဆုတ်တာနဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေက ရှိမှာပါ။ ကျနော်တို့ ဆီကတော့ အခုထက်ထိကတော့ သတင်းကတော့ မတက်ဘူး။”
KIA ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ၁၃ရက်နေ့က KIA တပ်မဟာ၆၊ တပ်ရင်း ၃၆နယ်မြေ မုံးကိုးဒေသ ဆမာရွာနဲ့ ခဘန်ရွာကြားမှာ နေ့ခင်း ၁နာရီက တိုက်ပွဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းက KIA ရဲ့ တပ်ရင်းနယ်မြေအချို့ကို လေကြောင်းက လာရောက် ပစ်ခတ်တာတွေ ရှိကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ ကျနော်တို့ ကချင်ပြည်နယ်ဘက်မှာတော့ တစ်နေ့ကပေါ့နော်။ အခု ၃ရက်လောက်တော့ ရှိပြီ။ တပ်မဟာ ၈ လက်အောက်ခံ အမှတ် ၅ တပ်ရင်းနယ်မြေဘက်မှာလည်း စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ ပစ်တာတွေ ရှိတယ်။ ဒါက ရွာမှာ ပစ်တာပေါ့။ ရွာသားတွေ နည်းနည်းပါးပါး ထိခိုက်တာတွေ ရှိတယ်။ နောက် တစ်နေ့ကတော့ ကျနော်တို့ တပ်ရင်း ၆ အဲဒီဘက်မှာလည်း ညသန်းခေါင်ယံမှာ လေကြောင်းနဲ့ ပစ်တာတွေ ရှိတယ်။ မြေပြင်ကနဲ့တော့ ထိုးစစ်ဆင်တာတွေ မရှိဘူး။ အဲဒီလေကြောင်းကနဲ့ ပစ်တာ အဲဒါပါပဲ။ ဒါတောင်မှ ညမှာပဲ ညသန်းခေါင်ယံမှာပဲ ပစ်တာ။”
တပ်မဟာ ၈ တပ်ရင်း ၅ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ အခြေစိုက်ပြီး ပစ်ခတ်ခံရတာ စစ်ကိုင်းတိုင်း ကသာအထက် မိုးတာကြီး၊ မိုးတာလေး ဘက်ဖြစ်ကြောင်းနဲ့ တပ်ရင်း ၆ကတော့ ဖားကန့်မြို့နယ် ဘက်မှဖြစ်ကြောင်း ပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင်မြို့နယ် မရသိမ်ရွာကို စစ်ကောင်စီတပ်လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ စာသင်ကျောင်း ပျက်ဆီးတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မရသိမ်ရွာမှာ PDF တွေ စခန်းချနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက် ရှင်းလင်းခဲ့တာဖြစ်ကြောင်း ၊ တစ်ထောင့်ထိုးသေနတ် တစ်လက်၊ တူမီးသေနတ်၇ လက်နဲ့ လက်လုပ်သေနတ် ၂ စတာတွေ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
...................................
မူဆယျမွို့နယျမှာ တိုကျပှဲတှကွေောင့ျ ရှာ ၄ ရှာက ဒသေခံတှထှေကျပွေး
{{Zawgyi/Unicode}}